မဲခေါင်မြစ်ပေါ်က တရုတ်ဆည်တွေကို ဂြိုဟ်တုကနေ စတင်စောင့်ကြည့်

14-Dec-2020

တရုတ်တို့ မဲခေါင်မြစ်ပေါ်မှာ တည်ဆောက်ထားတဲ့ ဆည်တွေရဲ့ ရေမျက်နှာပြင်ကို ဂြိုဟ်တုကနေ လေ့လာစောင့်ကြည့်မယ့် စီမံကိန်းကို တနင်္လာနေ့က စတင်လိုက်ပြီ ဖြစ်ပါတယ်။ အဲဒီအစီအစဉ်ကို အမေရိကန်တို့က ရန်ပုံငွေ ပံ့ပိုးပေးထားတာကြောင့် အရှေ့တောင်အာရှဒေသထဲ အင်အားကြီးနှစ်နိုင်ငံရဲ့ ပြိင်ဆိုင်မှုအရှိန်ကို ပိုတိုးသွားစေခဲ့ပါတယ်။

မိုင်ပေါင်း ၂,၇၀၀ ရှည်လျားပြီး မြစ်အောက်ပိုင်း တောင်ဘက်မှာ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေကို ဖြတ်ကျော်စီးဆင်းတဲ့ Lancang လို့ တရုတ်တို့ခေါ်တဲ့ မဲခေါင်မြစ်က အင်အားကြီး ၂ နိုင်ငံအကြား အဓိကပြိုင်ဆိုင်ရာ ကိစ္စတခု ဖြစ်လာခဲ့ပါတယ်။

တရုတ်ဆည်တွေက ရေတွေကို ထိန်းချုပ်ထားတာကြောင့် မြစ်ကြေပိုင်းနိုင်ငံတွေကက လူ သန်း ၆၀ ကျော်ရဲ့ ငါးဖမ်းလုပ်ငန်းနဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေကို ထိခိုက်နေတယ်လို့ အမေရိကန်တို့ရဲ့ သုတေသန တွေ့ရှိချက်တွေကို တရုတ်တို့ လက်မခံဘဲ ငြင်းဆိုထားတာပါ။

ဆည်တွေရဲ့ ရေမျက်နှာပြင်ကို တိုင်းတာပြီး ထုတ်ပြန်ကြေညာပေးမယ့် ဒီ မဲခေါင်ဆည်စောင့်ကြည့်ရေး စီမံကိန်းကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက တစိတ်တပိုင်း ရန်ပုံငွေ ထောက်ပံ့ပေးထားတာပါ။ ဒီစီမံကိန်းအရ ဂြိုဟ်တုတွေကနေ ရရှိတဲ့ သတင်းအချက်အလက်တွေနဲ့ တရုတ်ဆည်တွေနဲ့ တခြားနိုင်ငံတွေက ဆည်တွေရဲ့ ရေမျက်နှာပြင်ကို စောင့်ကြည့် တိုင်းတာသွားမှာ ဖြစ်ပြီး သတင်းအချက်အလက်တွေကို အားလုံးသိဖို့ ထုတ်ပြန်ပေးမှာ ဖြစ်ပါတယ်။

မြေမျက်နှာပြင် စိုစွတ်မှုကိုလည်း သီးခြားတိုင်းတာ ဖော်ပြသွားမှာဖြစ်လို့ ဒေသတွင်း ဘယ်နေရာဒေသတွေမှာ ပုံမှန်ထက် စိုစွတ်မှုနှုန်း ဒါမှမဟုတ် ခြောက်သွေ့မှုနှုန်း ပိုသလဲဆိုတာကို သိရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆည်တွေကြောင့် ဘယ်ဒေသတွေမှာ သဘာဝအတိုင်း မြစ်ရေစီးဆင်းမှု ထိခိုက်သလဲ ဆိုတာကိုလည်း လေ့လာသိရှိနိုင်မှာ ဖြစ်ပါတယ်။

VOA News