စီးပွားအချက်အခြာကျတဲ့ ရန်ကုန်မှာ ကိုဗစ်ထိန်းချုပ်နိုင်မှု အားနည်းနေသေး

12-Dec-2020

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကိုဗစ်ထိန်းချုပ်ရေး အားအနည်းဆုံးဖြစ်နေတဲ့ ရန်ကုန်မှာမှာ မထိန်းချုပ်နိုင်သေးတာက စီးပွားရေးအတွက်ပါ အရေးပါတယ်လို့ သတိပေးလိုက်ပါတယ်။

ကိုဗစ်-19 နောက်ဆုံးအခြေအနေကို မနေ့ သောကြာနေ့က ပြည်သူကို အစီရင်ခံရာမှာ ဒေါ်အောင်ဆန်းစုကြည်က ခုလို ကိုဗစ်မထိန်းနိုင်သေးတဲ့ရန်ကုန်ရဲ့ အရေးပါမူကို အလေးပေးပြောခဲ့တာပါ။

“ကိုဗစ်ထိန်းချုပ်ရာမှာ အားနည်းနေတဲ့ နေရာအများဆုံးကတော့ ရန်ကုန်ပေါ့။ အဲဒီတော့ အထူးသတိထားစေချင်ပါတယ်။ အခုအချိန်မှာဆိုရင် ရာသီဥတုကလည်း အေးလာပြီ။ ရန်ကုန်ကနေပြီးတော့ မထိန်းချုပ်နိုင်တာကတော့ ကျမတို့ နိုင်ငံ တနိုင်ငံလုံးအတွက် စိန်ခေါ်မှု တခုပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ရန်ကုန်က ကျမတို့ရဲ့ စီးပွားရေးမြို့တော်ဆိုရင်လည်း မမှားပါဘူး။ အဲဒီတော့ စီးပွားရေးမြို့တော်ကြီးကို ပြန်ပြီးတော့ နာလန်ထူအောင် လုပ်ဖို့ဆိုတာဟာ စီးပွားရေး ပြန်လည်ထူထောင်ရေးအတွက် အင်မတန်မှ အရေးကြီးပါတယ်ဆိုတာလည်း သတိပေးချင်ပါတယ်။”

ဒါအပြင် ဒေါ်အောင်ဆန်းစုကြည်က၊ ကာကွယ်ဆေးဘယ်တော့ရမလဲလို့ စိတ်ဝင်စားတဲ ပြည်သူတွေအတွက်၊ နိုင်ငံတကာကနေ အကူအညီရမှာက မလုံလောက်တာမို့ နိုင်ငံတော်က လုံလောက်အောင် ဝယ်ပေးမှာဖြစ်ပြီး ဆေးကို ဘယ်လိုထိုးမယ်ဆိုတာကိုပါ စီစဉ်ပြီးပြီလို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကဆက်ပြီး၊ စီးပွားပြန်လည်ပတ်ရေးက အလွန်အရေးနေကြီးတာမို့၊ ကာကွယ်ဆေးထိုးရာမှာ စီးပွားရေးပြန်နလန်ထူနေတဲ့နေရာတွေကို ဦးစားပေးကောင်းပေးရလိမ့်မယ်၊ စီးပွားပြန်လည်နိုင်မဲ့ ကိုဗစ်ထိန်းနိုင်တဲ့နေရာတွေမှာ ပိုစောစောထိုးတာမျိုးဖြစ်နိုင်တယ်၊ မျှတစေရမယ်ဆိုပေမဲ့ ဘယ်သူတွေ ဘယ်အချိန်မှာရမယ်ဆိုတာကိုတော့ နောက်မှဆုံးဖြတ်ရမယ်လို့ ဆိုပါတယ်။

ဒီအတောအတွင်း မြန်မာနိုင်ငံမှာ မနေ့က ပိုးတွေ့သူသစ် ၁,၃၇၆ ဦးနဲ့၊ သေဆုံးသူ ၁၉ ထပ်တိုးခဲ့တာကြောင့် စုစုပေါင်းပိုးတွေ့သူ ၁၀၅,၈၀၀ ကျော်နဲ့ သေဆုံးသူပေါင်း ၂,၂၂၀ ရှိလာပြီလို့၊ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ည (၈) နာရီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဓာတ်ခွဲနမူနာပေါင်း ၂၀,၉၀၀ ကျော်ကို စစ်ဆေးခဲ့တာကနေ မနေ့က ခုလိုတွေ့ခဲ့ပြီး၊ အခုနောက်ဆုံးချိန်ထိ ဓာတ်ခွဲစစ်ဆေးမူပေါင်း ၁,၃၉၅,၀၀၀ ကျော် ရှိလာကာ၊ မနေ့ကဆေးရုံဆင်းခွင့်ရသူလည်း ၁,၅၂၅ ဦးရှိတာကြောင့်၊ ပြန်ကောင်းသွားသူပေါင်း ၈၄,၃၀၀ ကျော်အဖြစ် ၈၀% ခန့်ရှိသွားပေမဲ့၊ သေဆုံးနှုန်းကတော့ ၂.၁% ရှိနေပါသေးတယ်။

ဒါအအပြင် တနေ့ ကြာသာပတေးက ပိုးတွေ့သူပေါင်း ၁၃၂၀ မှာ၊ ထုံးစံအတိုင်း ရန်ကုန်တိုင်းက ၆၈၆ ဦးနဲ့အများဆုံးဖြစ်ပြီး၊ မန္တလေးတိုင်းက ၂၆၆ ဦးနဲ့ ဒုတိယ၊ ပဲခူးတိုင်းက ၁၀၃ ဦးနဲ့တတိယ၊ စစ်ကိုင်းတိုင်းက ၅၀ နဲ့ စတုတ္ထဖြစ်ခဲပါတယ် ။

တဘက်မှာလည်း ကိုဗစ်ပိတ်ပင်ကန့်သတ်ချက်တွေကြောင့် လူအများစားဝတ်နေရေး ပိုကြပ်တည်းလာနေတာမို့၊ အစိုးရအနေနဲ့ ပိုးထိန်းချုပ်ရေးနဲ့ စားဝတ်နေရေးကြားမှာ ချိန်ဆလုပ်ဆောင်ပေးဖို့ အကြံပြုမူတွေလည်းရှိပါတယ်။

VOA News