ကျိုဒိုနယူးစ် သတင်းတင်ဆက်သူအား ဂျပန်ဝန်ကြီးချုပ်ဆူဂါ၏ အထူးအကြံပေးအဖြစ် ခန့်အပ်

30-Sep-2020

တိုကျို စက်တင်ဘာ ၂၉

ရုပ်မြင်သံကြားမှ နိုင်ငံရေးသတင်းများအား မကြာခဏ တင်ဆက်သူအဖြစ် လူသိများသော ကျိုဒိုနယူးစ်သတင်းဌာနမှ သတင်းတင်ဆက်သူ မေဂျီကာကီဇာကီသည် ဂျပန်ဝန်ကြီးချုပ် ဆူဂါ၏ အထူးအကြံပေးအဖြစ် ယနေ့ ခန့်အပ်ခြင်းခံရသည်။

အသက် ၅၉ နှစ်အရွယ် ကာကီဇာကီသည် အုပ်ချုပ်ရေးနှင့် စည်းမျဉ်းဥပဒေပြုပြင်ပြောင်းလဲရေး အတွက် မူဝါဒပြန်လည်သုံးသပ်ခြင်းနှင့် ဖြစ်နိုင်ဖွယ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကြံဉာဏ်ပေးခြင်း တာဝန်များကို ပေးအပ်ခြင်းခံရမည်ဖြစ်ကြောင်း သိရသည်။

ကာကီဇာကီသည် ဥပဒေပြုလွှတ်တော်အမတ် တစ်ဦးအဖြစ် အတွေ့အကြုံမရှိဘဲ ဝန်ကြီးချုပ်၏ အထူးအကြံပေးအဖြစ် ခန့်အပ်ခြင်းခံရသည့် ပထမဦးဆုံး သတင်းစာဆရာတစ်ဦးဖြစ်ကြောင်း ဝန်ကြီးချုပ်ရုံးမှ ပြောကြားချက်အရ သိရသည်။

ကာကီဇာကီ၏ ကျယ်ပြန့်သော ဗဟုသုတနှင့် အတွေ့အကြုံအပေါ် မူတည်၍ ဝန်ကြီးချုပ်အနေဖြင့် ၎င်း၏ အထူးအကြံပေးအဖြစ် ကာကီဇာကီကို ခန့်အပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဂျပန်အစိုးရ၏ ထိပ်တန်း ပြောရေးဆိုခွင့်ရှိသူ ကတ်ဆူနိုဘူကာတိုက သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ထည့်သွင်း ပြောကြားခဲ့သည်။

မကြာသေးမီအထိ ကျိုဒိုနယူးစ်သတင်းဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ကာကီဇာကီသည် စက်တင်ဘာ ၃၀ ရက်တွင် ၎င်း၏အဖွဲ့ အစည်းမှ ထွက်ခွာပြီး အောက်တိုဘာ ၁ ရက်မှစ၍ ဝန်ကြီးချုပ်၏ အထူးအကြံပေးတာဝန်ကို စတင်ထမ်းဆောင်မည် ဖြစ်ကြောင်း သိရသည်။

ကာကီဇာကီ၏ ဇာတိမှာ ဝန်ကြီးချုပ်ဆူဂါနည်းတူ ဂျပန်နိုင်ငံ၏ မြောက်ဘက် အာကီတာစီရင်စု နယ်ဖြစ်ပြီး ဝါဆီဒါတက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပြီးနောက် ဂျပန်နိုင်ငံရှိ အဓိကသတင်းစာများအနက် တစ်ခု အပါအဝင်ဖြစ်သော မိုင်နီချိရှင်ဘွန်းသတင်းစာတွင် အလုပ်လုပ်ကိုင်ခဲ့ကာ ၁၉၈၈ ခုနှစ်တွင် ကျိုဒိုနယူးစ် သတင်းဌာနသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

 

ကိုးကား - ကျိုဒိုနယူးစ်၊ ဘာသာပြန် - ဂျေတီ