ကိုဗစ်လူနာတွေကို သွေးရည်ကြည်ထည့်သွင်းကုသဖို့ အလှူရှင်တွေလိုအပ်နေ

12-Dec-2020

မြန်မာနိုင်ငံမှာ ကိုဗစ် -၁၉ ဗိုင်းရပ်စ် ကူးစက်သူတွေကို ဒီရောဂါရရှိပြီးနောက် ပျောက်ကင်းသွားသူတွေထံက ထုတ်ယူခဲ့တဲ့ Antibody ပဋိပစ္စည်းပါဝင်တဲ့ သွေးရည်ကြည် ထည့်သွင်းပေးတဲ့နည်းနဲ့ ကုသရာမှာ တခြား ကမ္ဘာ့နိုင်ငံတွေနည်းတူ အောင်မြင်နေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် ပျောက်ကင်းသွားသူတွေထံက ရရှိတဲ့ သွေးရည်ကြည်နဲ့ တခြား ဒီဗိုင်းရပ်စ်ကူးသူတွေ ကုသပေးမှုကို ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းကတည်းက စတင်ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီ သွေးရည်ကြည်ကုထုံးအဖွဲ့ ဥက္ကဋ္ဌ က ဆရာဝန်ကြီး ဒေါက်တာ ရဲမရ ဖြစ်ပါတယ်။

“ပိုးဝင်လာပြီဆိုတာနဲ့ ကိုယ်ခန္ဓာက Antibody လို့ခေါ်တဲ့ ပဋိပစ္စည်းတွေ ထုတ်ပြီးတော့ ပြန်တိုက်တယ်။ နောက်တခုက သွေးဖြူဥတွေကလည်း ကိုယ်ထိလက်ရောက် တိုက်တယ်ပေါ့နော်။ ပြန်ပြီး ခုခံတိုက်ဖျက်တာ အောင်မြင်သွားတယ်ဆိုရင် ဒီလူနာ ပြန်နေကောင်းသွားတယ်။ နေကောင်းတယ်ဆိုရင် နောက်ကို လိုအပ်တဲ့အချိန်မှာ ဒီပဋိပစ္စည်း ဒီရောဂါကို တိုက်ဖျက်ဖို့ဆိုပြီး ကိုယ်ခန္ဓာထဲမှာ ကျန်ခဲ့တယ်။ ကျနော်တို့က နေကောင်းသွားတဲ့ သူတွေဆီက သွေးရည်ကြည်ကို ယူလိုက်တယ်။ ဒီသွေးရည်ကြည်ထဲမှာ ဒီပဋိပစ္စည်းတွေ ရှိနေတယ်။ အကြီးအကျယ် နေမကောင်းဖြစ်နေတဲ့ သူထဲကို ဒီသွေးရည်ကြည် ထည့်ပေးလိုက်တယ်။ လူနာကိုယ်တိုင်လည်း အဲဒီ ပဋိပစ္စည်း ထုတ်တယ်။ ဒါပေမယ့် ရောဂါပိုးတွေ သိပ်များလို့ပဲဖြစ်ဖြစ် သူ့ခန္ဓာကိုယ်က ပဋိပစ္စည်း မလုံလောက်တာပဲ ဖြစ်ဖြစ် သူက တိုက်ပွဲ မနိုင်ဘူးပေါ့နော်။ မနိုင်ဘဲနဲ့ ဆိုးလာတယ်။ ဆိုးလာတဲ့အချိန်မှာ ကျနော်တို့က ထပ်ပြီးတော့ ပဋိပစ္စည်း ထည့်ပေးလိုက်တယ်။ စစ်ကူပေးလိုက်တဲ့ သဘောပေါ့။”

ဒေါက်တာ ရဲမရက လူနာတွေဆေးရုံကို စောစောရောက်ရှိဖို့ အရေးကြီးတယ်လို့လည်း ပြောပါတယ်။

“သိပ်ကြာသွားလို့ရှိရင် ရောဂါကလည်း ပိုပြင်းထန်လာတယ်။ ဗိုင်းရပ်စ်ရဲ့တိုက်ခိုက်မှု ခံရလို့လေ။ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ထိခိုက်ချို့ယွင်းတာတွေလည်း များလာတယ်။ သူက နှစ်ပတ်ကျော် သုံးပတ်အတွင်းမှာဆို ဗိုင်းရပ်စ်က တဖြည်းဖြည်းမရှိတော့ဘူး သူက ဖျက်ဆီးပြီး ထွက်ပြေးတာ။ ကိုယ်ခန္ဓာထဲမှာသာ ချို့ယွင်းပျက်စီးကျန်ခဲ့တာ။ ဒီတော့ ကျနော်တို့က ဒီ နှစ်ပတ်အတွင်းမှာ မိဖို့ လိုတယ်။ တချို့ကျတော့ သိပ်နောက်ကျမှ ရောက်လာတာတွေ ရှိတယ်။ သိပ်အသက်ကြီးတာတွေ၊ ပြင်းထန်ရောဂါအခံ ရှိတဲ့သူတွေ ကင်ဆာလူနာတွေ။ တချို့ဆို ကျောက်ကပ်ပျက်စီးနေတဲ့လူနာတွေ ဒီလိုလူနာတွေကျတော့ ခက်တယ်။ ဒါပေမယ့် ကျနော်တို့က အကုန်လုံးကို ကုနေတယ်။ ဘယ်လောက်ပဲ နောက်ကျနောက်ကျ ဘယ်လောက်ပဲ ရောဂါဆိုးဆိုး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့လည်း အသက်ရှင်ခွင့် ရချင်တယ်ပေါ့နော်။ ကျောက်ကပ်အစားထိုးတဲ့သူ၊ အသည်းအစားထိုးတဲ့သူတို့ ရိုးတွင်းချဉ်ဆီ အစားထိုးထားတဲ့သူတွေဆို သူတို့က ခုခံအား ကျစေတဲ့ဆေးမျိုးတွေ သောက်နေရတဲ့အတွက် သူတို့ဆို ကျနော်တို့က ချက်ချင်းပေးပါတယ်”

အခုနည်းနဲ့ အမေရိကန်ပြည်ထောင်စုမှာ လူနာ ၁ သိန်းကျော်ကိုကုသပေးခဲ့ပြီးပါပြီ။ မြန်မာနိုင်ငံမှာ အခုအချိန်အထိ ရောဂါအလွန်ပြင်းထန်သူ လူနာ ၃ဝဝ ကျော်ကို ဒီနည်းနဲ့ ကုသပေးခဲ့ရာမှာ ၈ဝ ရာခိုင်နှုန်း ပျောက်ကင်းသွားခဲ့တယ်လို့ ဒေါက်တာ ရဲမရက ပြောပါတယ်။ ကုသမှုခံယူဖို့အတွက် ဝေဘာဂီ၊ ရန်ကုန်ဆေးရုံကြီး၊ ဧရာစင်တာစတဲ့ ကိုဗစ်ကုသရေးဌာနတွေက ဒေါက်တာ ရဲမရ ဦးဆောင်တဲ့ ရန်ကုန်မြို့က သွေးရည်ကြည်ကုထုံးအဖွဲ့ကို ဆက်သွယ်ရပါတယ်။

“အခုဆို ကျနော်တို့ ထပ်တိုးချဲ့ထားတယ်။ မန္တလေးကိုလည်း စပြီးကုပေးနေတာ ရှိတယ်။ အဲဒီကမှ သမားတော်ကြီးတွေက ကျနော်တို့ကို ပြန်တင်ပြတာပေါ့နော်။ ဒီလူနာတွေ ဒါကို လိုအပ်ပါတယ်။ အဓိက ကျနော်တို့ ကြည့်တာကတော့ လူနာက အောက်စီဂျင်ကျလာပြီ။ နောက်တခုက ဓာတ်မှန်မှာပေါ်တဲ့ pneumonia shadow တွေပေါ့နော် များလာပြီ။ ဒီ့အပြင် သွေးထဲမှာ သွေးဖြူဥ ဘယ်လောက် နည်းသွားလဲ။ ဒီရောဂါမှာ နောက်တခုရှိတာက သူကအလွယ်တကူ သွေးခဲတယ်။ သွေးခဲနှုန်းကို ကျနော်တို့တိုင်းတယ်။ နောက်တခု CRP လို့ခေါ်တဲ့ C- Reactive Protein ဆိုတာ ကိုယ်ခန္ဓာမှာ ဘာရောဂါပဲဖြစ်ဖြစ် ရောဂါရဲ့ ပမာဏပေါ့နော် ကျနော်တို့ ဒါတွေအကုန်ကြည့်ပြီး နေ့တွင်းချင်းပဲ ရအောင်သွင်းတာပေါ့နော်။”

ကိုဗစ်ပျောက်ကင်းသွားသူတွေထံက သွေးရည်ကြည်များများရရှိဖို့လိုအပ်နေပါတယ်။ လှူဒါန်းသူ တဦးထံက ရရှိတဲ့ သွေးရည်ကြည်နဲ့ တခြားရောဂါဖြစ်ပွားသူ ၉ ဦးရဲ့ အသက်ကို ကယ်တင်နိုင်ပါတယ်လို့လည်း ဒေါက်တာ ရဲမရ ကပြောပါတယ်။

“ကိုယ်ခန္တာထဲက သွေးကို ပိုက်နဲ့ ထုတ်လိုက်ပြီး စက်ထဲထည့်လိုက်တာပေါ့နော် ၊ စက်ထဲမှာ သွေးရည်ကြည်ကို ဖယ်ယူလိုက်တယ်။ သွေးနီဥကို ကိုယ်ခန္ဓာထဲ ပြန်ထည့်ပေးလိုက်တယ်။ ပြန်ထည့်ပေးလိုက်တော့ သူက သွေးအားနည်းခြင်း လုံးဝမရှိဘူး။ သွေးရည်ကြည်ကို ကျနော်တို့က ၆ဝဝ CC လောက်ထိ ယူလို့ရတယ်။ တခါလှူရင် လူနာ ၃ ယောက်ကို အသက်ကယ်နိုင်တာ (လူနာတဦး ၂ဝဝ စီစီနှုန်းထည့်သွင်းပေး)။ ၂ ပတ် ကနေ ၄ ပတ်နေရင် နောက်တခါ လှူလို့ရတယ်။ ကျနော်တို့ အားလုံး ၃ ကြိမ်လောက်အထိ လက်ခံပါတယ်။”

သမီးဖြစ်သူနဲ့ အတူ ဒီရောဂါ ကူးစက်ခံရပြီး ပျောက်ကင်းသွားတဲ့ ရန်ကုန်မြို့သူ မသီရိက ....

“အခုလို ဒီရောဂါဖြစ်ပွားသူတွေကို သမီးတို့လို ပျောက်ကင်းသူတွေက သွေးရည်ကြည် လှူလို့ရတယ် ဆိုတဲ့အတွက် အရမ်းလှူချင်ပါတယ်။ သမီးတို့ သားအမိ ၂ ယောက်လုံး လှူချင်ပါတယ်ရှင်”

ကိုဗစ်၁၉ ပျောက်ကင်းပြီး ၂၈ ရက်ကြာသူတွေအနေနဲ့ သွေးရည်ကြည်လှူဒါန်းလိုရင် အမျိုးသားသွေးလှူဌာန National Blood Center ကို ဖေ့စ်ဘွတ်က ဆက်သွယ်ကြပါလို့ ဆရာဝန်ကြီး ဒေါက်တာ ရဲမရက တိုက်တွန်း မေတ္တာရပ်ခံလိုက်ပါတယ်။

RFA Burmese