ကာကွယ်ဆေးဝယ်ဖို့ အလှူရှင်တွေ အစိုးရဖိတ်ခေါ်၊ လုပ်ငန်းရှင်တွေ ပါဝင်လာ

06-Jan-2021

ကိုဗစ်ကာကွယ်ဆေး ဝယ်ယူဖို့ အစိုးရက ရန်ပုံငွေ အမေရိကန်ဒေါ်လာသန်း ၂၅၀ နဲ့ မြန်မာငွေကျပ်သန်း တစ်ထောင် မတည်ထူထောင်ထားပြီး ပြည်တွင်းပြည်ပက ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းနိုင်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ဇန်နဝါရီ ၅ရက် က ထုတ်ပြန်ကြေညာထားပါတယ်။

ကိုရိုနာဗိုင်းရပ်ကာကွယ်ဆေး ဝယ်ယူဖို့ စီမံခန့်ခွဲမှုဆပ်ကော်မတီကို ဒီဇင်ဘာ ၃၀ ရက်နေ့က ဖွဲ့စည်းလိုက်ပြီး ရန်ပုံငွေတွေကို နေပြည်တော် မြန်မာ့စီးပွားရေးဘဏ်မှာ အကောင့်ဖွင့်လှစ်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

လှူဒါန်းလိုသူတွေအနေနဲ့ မြန်မာ့စီးပွားရေးဘဏ် (နေပြည်တော်)၊ နိုင်ငံခြားငွေစာရင်း EDC600012 နဲ့ မြန်မာကျပ်ငွေစာရင်း OA 013733 ကို လှူဒါန်းနိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အစိုးရက ကိုဗစ်ကာကွယ်ဆေးဝယ်ယူရေးမှာ ပါဝင်လှူဒါန်းဖို့ ဖိတ်ခေါ်ပြီးနောက်မှာပဲ ဧဒင်ကုမ္ပဏီအုပ်စု၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ Denko ကုမ္ပဏီတွေရဲ့ဥက္ကဋ္ဌဦးချစ်ခိုင်က သူ့မွေးနေ့အလှူအဖြစ် အမေရိကန်ဒေါ်လာ တစ်သန်းခွဲ လှူဒါန်းကြောင်း သူဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ၊ Serum Institute of India က COVID-19 ကာကွယ်ဆေး ဝယ်ယူဖို့ စာချုပ်ချုပ်ဆိုထားကြောင်းနဲ့ ၂၀၂၁ဖေဖော်ဝါရီလမှာ ကာကွယ်ဆေးစတင်ထိုးပေးမယ်လို့လည်း နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က နှစ်သစ်ကူးမိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဇန်နဝါရီလ ၅ ရက်နေ့ နောက်ဆုံးထုတ်ပြန်ချက်အရ ပိုးတွေ့လူနာသစ် ၆၄၇ ဦး၊ သေဆုံး ၂၂ ဦးရှိခဲ့ပြီး စုစုပေါင်း ပိုးတွေ့လူနာ ၁၂၇၀၀၀ ကျော်နဲ့ သေဆုံး ၂၇၈၈ ဦးရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

RFA Burmese