Joe Biden နဲ့ Kamala Harris တို့ကို တရုတ်နိုင်ငံ ဂုဏ်ပြုချီးကျူး

13-Nov-2020

အမေရိကန်ရွေးကောက်ပွဲမှာ အနိုင်ရသူအဖြစ် ကြေငြာထားတဲ့ Joe Biden နဲ့ ဒုသမ္မတလောင်း Kamala Harris တို့ကို ဂုဏ်ပြုပြောကြားတဲ့နိုင်ငံကြီးတွေထဲမှာ တရုတ်နိုင်ငံလည်း ပါလာပါတယ်။

"အမေရိကန်ပြည်သူပြည်သားတွေရဲ့ ရွေးချယ်မှုကို တရုတ်နိုင်ငံက လေးစားပါတယ်။ Mr. Biden နဲ့ Ms. Harris တို့ကို တရုတ်နိုင်ငံက ဂုဏ်ပြုလိုက်ပါတယ်။" လို့ တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရသူ Wang Wenbin က အောက်တိုဘာ ၁၃ ရက်နေ့ သောကြာနေ့မှာကျင်းပတဲ့ နေ့စဉ် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။

အမေရိကန်သမ္မတ Donald Trump ကတော့ ရွေးကောက်ပွဲ ရှုံးနိမ့်ကြောင်း လက်မခံသေးပါဘူး။ Joe Biden ကိုဂုဏ်ပြုပြောကြားတဲ့ နိုင်ငံကြီးတွေထဲမှာ တရုတ်နဲ့ ရုရှားတို့ ချက်ချင်းပါဝင်မလာဘဲ နှုတ်ဆိတ်နေခဲ့ကြတာပါ။ ခုလိုနောက်ကျမှ ဂုဏ်ပြုစကားပြောကြားရတဲ့အကြောင်းရင်းကို ပြောခွင့်ရသူ Wang Wenbin ကပြောမသွားသလို အမေရိကန်ရွေးကောက်ပွဲ မဲရလဒ်တွေကို အမေရိကန်တရားဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေ အတိုင်းဆောင်ရွက်သွားမယ်ဆိုတာ တရုတ်နိုင်ငံက နားလည်သဘောပေါက်ပါတယ်လို့ပဲ ပြောဆိုသွားပါတယ်။

အမေရိကန်နဲ့ တရုတ်နိုင်ငံကြား ကုန်သွယ်ရေးနဲ့ နည်းပညာရပ်ဆိုင်ရာ ကိစ္စရပ်တွေကြောင့် ဆက်ဆံရေး သိပ်မပြေလည်ပါဘူး။ ဒါ့အပြင်တရုတ်ကို လုံခြုံရေးအရ ခြိမ်းခြောက်မှုရှိတဲ့နိုင်ငံအဖြစ် သမ္မတ Trump က သတ်မှတ်ထားတာဖြစ်ပြီး တရုတ်သွင်းကုန်တွေ အပေါ် ကန့်သတ်ထားမြစ်ချက်တချို့ချမှတ်ထားတဲ့အပြင် တရုတ်ကုမ္ပဏီတချို့ကိုတော့ ဒဏ်ခတ်ပိတ်ဆို့ထားပါတယ်။ တရုတ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ကုန်သွယ်ရေးကိစ္စနဲ့ အမေရိကန်နည်းပညာတွေကို သူလျှိုလုပ်ပြီး ခိုးယူမှု စွပ်စွဲချက်တွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်နေတာကြောင့် ဂျိုးဘိုင်ဒန် အစိုးရ လက်ထက်မှာလည်း တရုတ်ဆိုင်ရာမူဝါဒ အပြောင်းအလဲသိပ်ရှိမှာ မဟုတ်ဘူးလို့ ကျွမ်းကျင်သူတွေက ရှုမြင်နေကြပါတယ်။

Crd VOA News

ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။