ဘရာဇီး ဘောလုံး ဂန္ထဝင် ပီလီ အသက် ၈၂ နှစ်မှာ ကွယ်လွန်

30-Dec-2022

ကမ္ဘာ့အကောင်းဆုံး ဘောလုံးကစားသမားကြီးတစ်ဦးလို့ တင်စားခေါ်ကြတဲ့ ဘရာဇီး ဘောလုံးကစားသမားကြီး ပီလီဟာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက် အသက် ၈၂ နှစ် အရွယ်မှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။

သူဟာ ဘရာဇီးနိုင်ငံ Rio de Janeiro မြို့ကြီး ရဲ့ အနောက်မြောက်ဖက် မိုင် ၁၅ဝ နီးပါးအကွာမှာရှိတဲ့ Tres Coracoes မြို့မှာ ၁၉၄ဝ ခုနှစ်က မွေးဖွားခဲ့ပါတယ်။ Edson Arantes do Nascimento ဆိုတဲ့ နာမည်ထက် ပီလီလို့ အများသိကြတဲ့ သူဟာ အသက် ၁၅ နှစ်အရွယ် ကတည်းက ဘရာဇီးနိုင်ငံရဲ့ နာမည်ကျော် Santos ဘောလုံးအသင်းမှာ စာချုပ်ချုပ်ဆို ကစားခဲ့ပြီး နောက်တနှစ်အကြာ ၁၆ နှစ်သားမှာ ဘရာဇီး နိုင်ငံ လက်ရွေးစဉ်အသင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။ 

သူဟာ ဘောလုံးကစားသက်တမ်း ၂၁ နှစ်အတွင်း ပွဲပေါင်း ၁၃၆၃ ပွဲ ကစားခဲ့ပြီး ဂိုးပေါင်း ၁၂၈၁ ဂိုးသွင်းယူထားခဲ့သူပါ။ အဲဒီဂိုးတွေထဲမှာ နိုင်ငံအသင်းအတွက် ၉၂ ပွဲ ကစားခဲ့ပြီး သွင်းဂိုး ၇၇ အထိ ရှိခဲ့ပါတယ်။

ကမ္ဘာ့ဖလားကို သုံးကြိမ် အနိုင်ရခဲ့ဖူးတဲ့ တစ်ဦးတည်းသော ကစားသမားဖြစ်ပြီး ၁၉၅၈၊ ၁၉၆၂၊ ၁၉၇၀ ခုနှစ်တွေမှာ ဘရာဇီး ကမ္ဘာ့ဖလားချန်ပီယံ ဖြစ်ခဲ့တဲ့နှစ်တွေမှာ ပါဝင်ကစားခဲ့တာပါ။

၂၀၀၀ ပြည့်နှစ်မှာတော့ ဖီဖာက ရာစုနှစ်ရဲ့ အကောင်းဆုံး ကစားသမားအဖြစ် ဂုဏ်ပြုချီးမြှောက်ခဲ့ပါတယ်။

ပီလီဟာ ကျောက်ကပ်နဲ့ ဆီးကျိတ်ရောဂါ တို့ကို အခု နှစ်ပိုင်းတွေမှာ ခံစားနေခဲ့ရတာပါ။

သူဟာ ဆေးရုံကို ၂၀၂၂ နိုဝင်ဘာ အကုန်ပိုင်းကတည်းက တက်နေခဲ့ပြီး ကြာသပတေးနေ့မှာတော့ သူ ကွယ်လွန်သွားကြောင်း သူ့ရဲ့သမီး ကီလီ နာဆီမန်တိုက ဆိုရှယ်မီဒီယာကနေ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။

ပီလီ သူ့ရဲ့ ရောဂါအခံတွေရယ်၊ အူမကြီးကင်ဆာတို့ကြောင့် ကွယ်လွန်သွားပြီလို့ ဆေးရုံကလည်း အတည်ပြုပါတယ်။