ဂျပန်ခေတ်လွှတ်တော်

28-Sep-2020

၁၉၄၂ ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်ကို ဂျပန်သိမ်းပြီးနောက် လွတ်လပ်ရေး ပေးဖို့ ပြင်ပါတယ်။ ၁၉၄၃ ဩဂုတ်လမှာ လွတ်လပ်ရေးကြေညာတဲ့အခါမှာ နိုင်ငံ အကြီးအကဲ အဓိပတိ ဒေါက်တာဘမော်ကို ကူညီဖို့ အစိုးရနဲ့ အတိုင်ပင်ခံ လွှတ်တော် ဖွဲ့ပေးပါတယ်။

ဒီမှာလည်း တသွေးတသံတမိန့် ဆိုတဲ့ စစ်အတွင်းအာဏာရှင်ခေတ်ဖြစ်တဲ့အတွက် ရွေးကောက်ပွဲ မရှိဘဲ ခေါင်းဆောင်က ရွေးတဲ့ ရွေးခန့်အမတ်တွေ ဖြစ်ကြပါတယ်။ ဂျပန်ခေတ်အမတ်အများစုဟာ စစ်ကြီးမဖြစ်ခင်က ထင်ရှားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ စီးပွားရေးသမားကြီးတွေ၊ အရာရှိဟောင်းတွေ ပါတာကိုလည်း တွေ့ရပါတယ်။ နောက် ဗြိတိသျှခေတ်မှာ လွှတ်တော်အမတ်၊ ဥက္ကဋ္ဌနဲ့ ဝန်ကြီး ဖြစ်ခဲ့သူတွေလည်း ပြန်ပါခဲ့ပါတယ်။

သားဖြစ်သူ တက်ဒီတင်သိန်းက ဗြိတိသျှလေတပ်ဗိုလ်ဖြစ်နေချိန်မှာ ဖခင် တက္ကသိုလ် အမတ်ဟောင်းဦးထွန်းဖေကို အမတ်ပြန်ခန့်ခဲ့တာကလည်း ဂျပန်ခေတ်ရဲ့ ထူးခြားချက် ဖြစ်ပါတယ်။ သီပေါမင်းခေတ်က မြင်းစုကြီးဝန်ရဲ့သား သမဝါယမအမည်ကို တီထွင်သူ ဦးမောင်မောင်ပြားခေါ် မောင်မောင်ဗြားလည်း ဂျပန်ခေတ်မှာ အမတ် ဖြစ်ခဲ့ပါတယ်။

ဒီအတိုင်ပင်ခံလွှတ်တော်အမတ် (၂ဝ) မှာ ထင်ရှားသူတွေကတော့ သခင်ကိုယ်တော်မှိုင်း၊ ဆာဦးသွင်၊ ဒေါက်တာ ဆာစံစီဖိုး၊ ဂျီစီဘီအေခေတ်က သမ္မတဟောင်း ဦးချစ်လှိုင်၊ ဒီးဒုတ်ဦးဘချိုစတဲ့သူတွေ ဖြစ်ပါတယ်။ အသက် (၇ဝ) နဲ့ (၆ဝ) ကျော် လူကြီးပိုင်းတွေကို ရုပ်ပြသဘောထည့်သွင်းတဲ့ လွှတ်တော် ဖြစ်ပေမယ့် ခေတ္တဘုရင်ခံဟောင်း ဆာဂျေအေမောင်ကြီးနဲ့ နန်းရင်းဝန်ဟောင်း ဦးပုတို့လို လူကြီးတချို့ ကတော့ စစ်အတွင်းမှာ နိုင်ငံရေးမလုပ်ဘဲ နေခဲ့ကြပါတယ်။

ဒီအတိုင်ပင်ခံလွှတ်တော်မှာ စက်သူဌေးဆာဦးသွင်ကို ဥက္ကဋ္ဌ၊ အလုပ်သမားအမတ် ဦးဘလှိုင်ကို ဒုတိယ ဥက္ကဋ္ဌ အဖြစ် ပြိုင်ဘက်မရှိ တင်မြှောက်ခဲ့တယ်လို့လည်း လူထုဦးလှရဲ့ သတင်းစာများ ပြောပြတဲ့ စစ်အတွင်း ဗမာပြည် (တတိယတွဲ) မှာ ဖော်ပြပါတယ်။ လွှတ်တော်မှာ စည်းမျဉ်းဥပဒေရေးဆွဲဖို့ ဦးသွင်၊ ဦးချစ်လှိုင်၊ မြန်မာ့အလင်းဦးတင်တို့ ခုနစ်ဦးပါ အဖွဲ့ငယ်ရှိတယ်လို့လည်း ဆိုပါတယ်။

ဂျပန်ခေတ် ဗမာနိုင်ငံတော် အုပ်ချုပ်ရေးစည်းမျဉ်း ဥပဒေအရ ဒီလွှတ်တော်ဟာ အခွန်တော်၊ ဝင်ငွေထွက်ငွေနဲ့ ချေးငွေကိစ္စ၊ စစ်ပြေငြိမ်းရေးနဲ့ တခြားစာချုပ်များချုပ်ခြင်းနဲ့ သာမန်ဥပဒေပြုခြင်းကိစ္စတွေမှာ အဓိပတိကို အကြံပေးဖို့ဖွဲ့တာ ဖြစ်ပါတယ်။ ဝန်ကြီးတွေနဲ့ တိုင်ပင်ပြီး ဒီအမတ်တွေကို အဓိပတိက ခန့်ရမယ်၊ ဒီအမတ်တွေဟာ သက်ကြီးဝါရင့် အုပ်ချုပ်ရေး သုခမိန်အရည်အချင်းနဲ့ ပြည့်စုံရမှာဖြစ်ပြီး အနည်းဆုံး အသက် (၄ဝ) ရှိရမယ်လို့လည်း ပါပါတယ်။ ဥပဒေပြုတာကတော့ အဓိပတိရဲ့ တာဝန်ဖြစ်ပြီး သာမန်ဥပဒေပြုရေးမှာ ဝန်ကြီးအဖွဲ့က အဓိပတိကို အကြံမပေးခင် လွှတ်တော်နဲ့ တိုင်ပင်ရမယ်၊ သာမန်မဟုတ်တဲ့ စစ်ရေးဆိုင်ရာ ဥပဒေတွေ မှာတော့ လွှတ်တော်ကို မတိုင်ပင်ဘဲ ဆောင်ရွက်နိုင်တယ်လို့ ဆိုတဲ့အတွက် ဒီလွှတ်တော်ဟာ ဥပဒေပြုရေးမှာ ဩဇာမညောင်းဘူးဆိုတာ သိနိုင်ပါတယ်။