အမေရိကန်သမ္မတရာထူးအာဏာလွှဲပြောင်းမှု အဆင်ပြေချောမွေ့စေရေးအပေါ် စိုးရိမ်မှုများမြင့်တက်

14-Nov-2020

ဝါရှင်တန်   နိုဝင်ဘာ   ၁၃

အမေရိကန်ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်က သမ္မတ ရာထူးအာဏာလက်ခံရရှိရေးအတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်လျက်ရှိစဉ် အဆင်ပြေစွာဖြင့် အာဏာလွှဲပြောင်း ရယူနိုင်ရေးအတွက် စိုးရိမ်မှုများမြင့်တက်လျက်ရှိ သည်။

ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာကိစ္စရပ်များ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ဒုက္ခသည်အရေးတို့နှင့်ပတ်သက်ပြီး အတူ တကွပူးပေါင်းလုပ်ဆောင်ရန် ဆန္ဒရှိပါကြောင်း ဂျိုးဘိုင်ဒင် က ပုပ်ရဟန်းမင်းကြီးဖရန့်စစ်နှင့်   ယမန်နေ့က ဖုန်းဖြင့် ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

အလားတူ နိုဝင်ဘာ ၁၁ ရက်တွင် ဂျိုးဘိုင်ဒင်က ဂျပန် ဝန်ကြီးချုပ် ဆူဂါ၊   တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်း၊ ဩစတြေးလျဝန်ကြီးချုပ်   စကော့မောရစ်ဆန်တို့နှင့် ဖုန်းဖြင့် နိုင်ငံရေးရာကိစ္စရပ်များ  ဆွေးနွေးခဲ့ကြောင်း   သိရ သည်။

ထို့ပြင် ဂျိုးဘိုင်ဒင်က ၎င်းဦးဆောင်မည့် အစိုးရအဖွဲ့ ဖွဲ့စည်းရေးနှင့်ပတ်သက်ပြီး ၎င်း၏အကြံပေးများနှင့် ဆွေးနွေး ညှိနှိုင်းလျက်ရှိသည်။

သို့သော်   လက်ရှိအချိန်တွင်  သမ္မတထရမ့်သည် ရွေးကောက်ပွဲရလဒ်အပေါ် လက်ခံနိုင်ခြင်းမရှိဘဲ မဲရေတွက် မှုနှင့်ပတ်သက်ပြီး    စွပ်စွဲပြောဆိုလျက်ရှိသည်။  ထို့ပြင် ရွေးကောက်ခံသမ္မတ   ဂျိုးဘိုင်ဒင်အား  ရာထူးအာဏာ လွှဲပြောင်းပေးရန် လက်ရှိအစိုးရအနေဖြင့် မည်သည့်ကူညီ ထောက်ပံ့မှုကိုမျှ ပေးခြင်းမရှိကြောင်း သိရသည်။

ဂျိုးဘိုင်ဒင်အနေဖြင့် နိုင်ငံ့ခေါင်းဆောင်များနှင့် ဖုန်းပြောဆိုမှုများကိုလည်း  နိုင်ငံခြားရေးဝန်ကြီးဌာန၏ အကူအညီပါဝင်ခဲ့ခြင်းမရှိဟု  အမေရိကန်မီဒီယာများက သတင်းဖော်ပြကြသည်။

သမ္မတထရမ့်နှင့် ရီပတ်ဘလစ်ကန်ပါတီဝင်များသည် ၎င်းတို့၏ တာဝန်ဝတ္တရားများကို မသိကျိုးကျွန်ပြုကာ လုပ်ငန်းတာဝန်များကို   ဆက်လက်လုပ်ဆောင်နေကြ သည်ဟု အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလိုစီက ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထို့ပြင် ရွေးကောက်ပွဲရလဒ်များကို ကျေကျေနပ်နပ် လက်ခံရန်၊ ဥပဒေရေးရာ စိန်ခေါ်မှုများကို ဖယ်ရှားရန်နှင့် နိုင်ငံအတွင်းကူးစက်ပျံ့နှံ့လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရန် အလေးထားလုပ်ဆောင်သင့်သည်ဟု နန်စီပီလိုစီက သမ္မတထရမ့်အား တိုက်တွန်းပြောကြားခဲ့ သည်။

သမ္မတထရမ့်က ဒုတိယသမ္မတ မိုက်ပန့်စ်နှင့် နိုင်ငံခြား ရေးဝန်ကြီး မိုက်ပွန်ပီယိုတို့နှင့် ယမန်နေ့က တွေ့ဆုံခဲ့သည်။

မဲရေတွက်ရာတွင် လိမ်လည်မှုများရှိခဲ့သည်ဟု သမ္မတ ထရမ့်က ၎င်း၏တွစ်တာစာမျက်နှာပေါ်တွင် ရေးသားခဲ့ သော်လည်း တိကျခိုင်မာသည့် အထောက်အထားများ ပြသ နိုင်ခြင်းမရှိသေးပေ။

နေ့စဉ်စုံစမ်းရရှိသည့် သတင်းအချက်အလက်များကို ဂျိုးဘိုင်ဒင်အား ဝင်ရောက်ကြည့်ရှုခွင့်ပေးရန် သမ္မတထရမ့် ဦးဆောင်သော အစိုးရအား ကွန်ဂရက်ရှိ ရီပတ်ဘလစ်ကန် အမတ်အချို့က တိုက်တွန်းပြောကြားခဲ့သည်။

ကိုးကား- အင်န်အိတ်ခ်ျကေ

 ဘာသာပြန်- အောင်ကျော်ကျော်