အမေရိကန်တပ်ဖွဲ့များ အမိမြေသို့ ပြန်ချိန်တန်ပြီဖြစ်ကြောင်း ခေတ္တကာကွယ်ရေး၀န်ကြီးပြောကြား

16-Nov-2020

ဝါရှင်တန် နိုဝင်ဘာ ၁၅

လက်ရှိဖြစ်ပွားနေသည့် စစ်ပွဲမှန်သမျှ အဆုံးသတ်သင့်ပြီဖြစ်ပြီး အမေရိကန် တပ်ဖွဲ့ဝင်များအားလုံး အိမ်ပြန်ချိန် တန်ပြီဖြစ်ကြောင်း အမေရိကန် ခေတ္တကာကွယ်ရေး ဝန်ကြီးအဖြစ် ဆောင်ရွက်နေသည့် ခရစ္စတိုဖာ မီလာ က ပြောကြားခဲ့မှုကို ပင်တဂွန်စစ်ဌာန က နိုဝင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့ သည်။

စစ်ပွဲများအားလုံး အဆုံးသတ် သင့်ပြီဖြစ်သလို စစ်ပွဲများ အဆုံး သတ်ရန် ကတိကဝတ်နှင့် ချစ်ကြည် ရင်းနှီးစွာဆက်ဆံမှု လိုအပ်ကြောင်း၊ မိမိတို့အနေဖြင့် ပေးနိုင်သမျှ အရာ အားလုံးကို ပေးခဲ့ပြီဖြစ်သည့်အတွက် ယခုအခါ အိမ်ပြန်ချိန်ရောက်လာပြီဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန အမှုထမ်းများအားလုံးသို့ ပေးပို့သည့် စာတွင် မီလာက ရေးသားဖော်ပြခဲ့ ကြောင်း သိရသည်။

၂၀၀၁ ခုနှစ်ကတည်းက စတင် ဖြစ်ပွားခဲ့သည့် အယ်လ်ကိုင်ဒါစစ်သွေး ကြွအဖွဲ့ကို တိုက်ထုတ်သည့် စစ်ပွဲ ပြီးဆုံးစေမည်ဟု ကတိပေးခဲ့သည့် အတိုင်း အမေရိကန်က ကြိုးစားလျက် ရှိကြောင်းလည်း ၄င်းကပြောသည်။ ယင်းတိုက်ပွဲသည် အချိန် ကြာမြင့်လှပြီ ဖြစ်သလို မိမိတို့၏ ပေးဆပ်စွန့်စားမှု မှာလည်း လွန်စွာကြီးမားခဲ့ကြောင်း၊ သို့ရာတွင် ခေါင်းဆောင်မှုအခန်း ကဏ္ဍမှ ကူညီပံ့ပိုးမှု အခန်းကဏ္ဍသို့ ပြောင်းလဲရန် ကျွန်ုပ်တို့၏ ကြိုးစား အားထုတ်မှုက အရေး ကြီးကြောင်း ခရစ္စတိုဖာ မီလာ က ပြောကြားခဲ့သည်။

အာဖဂန်၌ ဖြစ်ပွားနေသည့် ပြည်တွင်းစစ်ကြောင့် အမေရိကန် တပ်ဖွဲ့ဝင် ၂၄၀၀ ခန့် သေဆုံးခဲ့ရပြီး ယင်းစစ်ပွဲသည် အမေရိကန်သမိုင်း တစ်လျှောက် အရှည်ကြာဆုံးစစ်ပွဲဖြစ် ခဲ့သည်။ သမ္မတထရမ့်သည် အာဖဂန်စစ်ပွဲအတွင်း ပါဝင်တိုက် ခိုက်ခဲ့သည့် အမေရိကန်အထူးတပ်ဖွဲ့ စစ်မှုထမ်းဟောင်း တစ်ဦးဖြစ်သူ ခစ္စတိုဖာ မီလာကို ကာကွယ်ရေးဝန် ကြီးဟောင်း မာ့ခ်အက်စပါနေရာတွင် အစားထိုး ခန့်အပ်ခဲ့သည်။

ဆင်ဟွာ