ရွှေကူကြီးစေတီ

Listing Description

ရွှေကူကြီးဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ကျောက်ဆောက်ကျေးရွာ (ယခင်ကျောက်ဆောက်မြို့ဟောင်း)တွင် တည်ရှိပါသည်။ ခရစ်နှစ် ၉၉၁ ခုနှစ် ကွန်းဆော်ကြောင်ဖြူမင်းအုပ်စိုးစဉ် မင်းတရားကြီးနှင့် မယ်တော်သီရိဂေရီမိဖုရားကြီးတို့မှ ဿဝတ္တရှင်ရသေ့ တရားပွားများအားထုတ်ခဲ့သည့် ကုန်းတော်ပေါ်တွင် အနုပလ္လင်ရွှေမြင်တင်ဟု ဘွဲ့အမည်ဖြင့် ရွှေကူကြီးစေတီတော်ကို တည်ထားကိုးကွယ်ခဲ့ပါသည်။ အနော်ရထာမင်းနန်းတက်လာသော အချိန်တွင် နောင်တော် စုက္ကတေးမင်းကို အောင်နိုင်သောအားဖြင့် ဉာဏ်တော်အမြင့် ၅၄ တောင် ၂ လက်မအထိ တိုးမြှင့်ပူဇော်ကာ ရန်အောင်မြင်ဘုရားဟု ဘွဲ့အမည်တွင်စေခဲ့ပါသည်။ ထို့နောက်တွင် စေတီတော်ကို ပြုပြင်မွမ်းမံသူမရှိသဖြင့် ချုံနွယ်ပိတ်ပေါင်းများဖြင့် ဖုံးလွှမ်းလျက်ရှိရာ အလောင်းစည်သူမင်းကြီးက စေတီတော်အား ပြန်လည်ပြုပြင်မွမ်းမံပြီး အထက်ပစ္စယံသို့ တက်ရောက်နိုင်ရန် ကြောင်လိန်လှေကားတပ်ဆင်ခဲ့ကာ ဉာဏ်တော် ၆၄ တောင် ၂ မိုက်ဖြင့် မွမ်းမံပြင်ဆင်ခဲ့ပါသည်။ ရွှေကူကြီးဘုရားစေတီတော်၏ စတုတ္ထမြောက်ဒါယကာမှာ နရပတိစည်သူမင်း၏ အတိုင်ပင်ခံအမတ် သုဂရစ်ဖြစ်ပြီး ပဉ္စမ ဒါယကာမှာ ဆင်ဖြူရှင်မင်း၏ စစ်ကဲကြီး မောင်ထော်ဖြစ်ပါသည်။ ရှေးဟောင်းသမိုင်းဝင် ရွှေကူကြီးစေတီတော်ကို ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံခဲ့ကြသဖြင့် ယခုအခါ ကြည်ညိုဖွယ်ရာ ဖူးမြော်မြင်တွေ့နိုင်ပါသည်။