ရွှေဘိုမြို့အောင်မြေ

Listing Description

အောင်မြေသည် ရွှေဘိုမြို့၏တောင်ဘက် မြို့အဝင် ရွှေဘို-မန္တလေးလမ်းမကြီး အနောက်ဘက်မှာရှိပြီး ဝေဘူဆရာတော်ကြီးတည်ဆောက်ခဲ့သော အောင်မြေဘုန်းကြီးကျောင်း အတွင်းတွင် တည်ရှိသည်။ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျသည် အောင်နိုင်သော အတိတ်နိမိတ်ရှိခဲ့သည့် ရွေဘိုမြို့ရှိ ယခု အောင်မြေနေရာကိုနင်းပြီး စစ်တိုက်ထွက်ရာ စစ်ပွဲတွေအောင်မြင်ခဲ့သည်ဟု အဆိုရှိပါသည်။ ကိုလိုနီခေတ်တွင် သင်္ချိုင်း ဖြစ်ခဲ့သော်လည်း ယခုအခါတွင်မူ သာသနိကနယ်မြေအဖြစ် တည်ရှိပါသည်။ စာသင်တိုက် ပေါင်းမြောက်များစွာရှိသည်။ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းလည်း တည်ရှိသည်။ ကျောင်းဝင်းအတွင်းတွင် သိကြားမင်းရုပ်ထု တစ်ခုရှိ၏။  ထိုသိကြားမင်း ရုပ်တုကို လှည့်ပတ်၍ လိုရာဆုတောင်းပါက ဆုတောင်းပြည့်ဝ၍ အောင်မြင်မှုရရှိသည်ဟုလည်း ယုံကြည်ကြပါသည်။ ထိုသိကြားမင်းရုပ်ထု၏ ဘေးတွင် သဲများရှိသည်။ မြို့ခံ အများစုသည် ထိုသိကြားမင်းရုပ်ထုထား လက်ရစ်သုံးပတ် ပတ်ကာ ထိုသဲများကို(အောင်မြေသဲ) အဆောင်အဖြစ် အသုံးပြုလေ့ရှိသည်။