ဝတီးမြို့ဟောင်း

Listing Description

ပျူမြို့ဟောင်းတစ်ခုအဖြစ် ထင်ရှားသည့် ၀တီးသည် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့မှ ခုနစ်မိုင် အကွာ မြစ်သား-နွားထိုးကြီး မော်တော်ကားလမ်းမှ တောင်ဘက် နှစ်မိုင်အကွာတွင် တည်ရှိသည်။ အုတ်တွင်း၊ ကျီးကန်၊ ဘုရားကြီးရွာ (၃) ရွာအကြား၌ တည်ရှိပြီး ဘုရားကြီးကျေးရွာနှင့် ပို၍ နီးပါသည်။ ဝတီးဟု ခေါ်တွင်ခြင်းမှာ ဘုရားကြီးကျေးရွာ ရွှေမုဌောဘုရားအတွင်းရှိ ကျောက်စာ အပိုဒ် ၆ အရ ခေါ်ခြင်းဖြစ်သည်။ ဦးစိန်ရည်၏ ပျူတပ်မြို့များအကြောင်း ဆောင်းပါးအရ စတီးမြို့ဟု ဖော်ပြထားပြီး သရေခေတ္တရာ ပျူခေတ်၏ ပျူတပ်မြို့ ၉ မြို့တွင် ပါဝင်ခဲ့သော မြို့ဖြစ်ကြောင်းသိရသည်။ ပျူတပ်မြို့များနှင့် ပတ်သက်၍ တရုတ်နိုင်ငံ ဟန်မင်းဆက် သမိုင်းမှတ်တမ်းတွင် ဝတီးမြို့ကို မိနော့တောက်လိ (Mi_Ni_Tao_Li) ဟု ဖော်ပြထားပြီး ဗိဿနိုး၊ ဟန်လင်း၊ မိုင်းမောမြို့များနှင့် ခေတ်ပြိုင်ဖြစ်ကြောင်း သိရသည်။ ၀တီးသည် အဝိုင်းပုံရှိ၍ မြို့ဟောင်းအတွင်း အကျယ်အ၀န်းသည် ၃၂၀ ဧက ရှိကာ အခြားအဝိုင်း ပုံသဏ္ဌာန် ရှေးဟောင်းမြို့များ ဖြစ်သည့် သရေခေတ္တရာ၊ ပင်လယ်နှင့် ဝေသာလီမြို့ဟောင်းတို့အောက် သေးငယ်၍ သာဂရမြို့ဟောင်းထက် အနည်းငယ်ကြီးသည်။ ၀တီးမြို့ဟောင်း၏ အကျယ်ဆုံးနေရာဖြစ်သည့် အနောက်တောင်မှ အရှေ့မြောက်ဘက်သို့ အချင်းသည် တစ်မိုင်ရှိကာ အရှေ့အနောက်နှင့် တောင်မြောက်အချင်းသည် ခြောက်ဖာလုံ ရှိသဖြင့် ဝိုင်းစက်နေသည်ဟုမဆိုနိုင်ချေ။ မြန်မာနိုင်ငံတွင် ရှာဖွေ့တွေ့ရှိထားပြီးသော ရှေးမြို့ဟောင်းများတွင် ၀တီးအပါအ၀င် အဝိုင်းပုံ မြို့များသည် ရှေးအကျဆုံးဖြစ်ကာ တရုတ်မှတ်တမ်းများတွင် ပါရှိသည့် ပျူခံတပ်မြို့ ကိုးမြို့တွင် ၀တီးသည် တစ်မြို့ အပါအ၀င် ဖြစ်သဖြင့် ပျူခေတ် အစောပိုင်း မြို့ဟောင်းတစ်ခု အဖြစ် ထင်ရှားခဲ့ပြီး ယဉ်ကျေးမှု အဆင့်အတန်း မြင့်သော ရှေးပျူမြို့ဟောင်းဖြစ်ကြောင်း သိရပါသည်။