တက္ကသိုလ်ဆုမြိုင် (၁၉၁၄-၁၉၈၄)

Listing Description

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ အဖ အထက်တန်းရှေ့နေဦးမင်းဇင် အမိဒေါ်ဒေါ်ချစ်တို့က ၈ ဇူလိုင် ၁၉၁၄ တွင် ဖွားမြင်သည်။ မွေးချင်း၁၃ယောက်တွင် သတ္တမမြောက်ဖြစ်၍ အမည်ရင်းမှာ ဦးဆုမြိုင်ပင် ဖြစ်သည်။

၁၉၁၉တွင် နတ်မောက်မြို့ ဒီပင်္ကရာကျောင်း ဆရာတော် ဦးသောဘိတ မြန်မာအထက်တန်းကျောင်းတွင် စတင်ပညာသင်ယူသည်။ သတ္တမတန်းအထိ ထိုကျောင်းတွင်ပင် ပညာသင်ယူခဲ့သည်။ ၁၉၂၈ တွင် ပျော်ဘွယ်အမျိုးသားကျောင်းသို့ ပြောင်းရွှေ့ ပညာသင်ကြားခဲ့ရာ ၁၉၃၂ တွင် ဆယ်တန်းအောင်သည်။ ထို့နောက် ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်ခဲ့သည်။ ၁၉၃၈တွင် ဝိဇ္ဇာဘွဲ့ကိုရရှိသည်။

တက္ကသိုလ်တွင် ပညာသင်ယူနေစဉ် ၁၉၃၆ မှ စတင်၍ သတင်းစာလောကသို့ ဝင်ရောက်ခဲ့ သည်။ သူရိယသတင်းစာ သတင်းထောက်၊ ၁၉၃၈-၃၉တွင် ဆယ်သန်းသတင်းစာတွင် ဦးအောင်မြင်(မြို့မမောင်)နှင့်အတူ အယ်ဒီတာ၊ ၁၉၃၉-၄၁တွင် မိတ္ထီလာ အမျိုးသား အထက်တန်းကျောင်းတွင် ဆရာလုပ်သည်။ ဒုတိယကမ္ဘာစစ်အတွင်းတွင် နတ်မောက်မြို့၌ အင်္ဂလိပ်မြန်မာအထက်တန်းကျောင်းဖွင့်သည်။ တစ်နှစ်အကြာတွင် အပိတ်ခံရသည်။ ၁၉၄၈ တွင် နတ်မောက်မြို့၌ ဗိုလ်ချုပ်အောင်ဆန်းအထိမ်းအမှတ် နိုင်ငံတော်တန်းမြင့်ကျောင်းကို တည်ထောင်သည်။ ၁၉၄၈-၅၅ ထိ ထိုကျောင်း၌ ကျောင်းအုပ်ကြီးအဖြစ် ဆောင်ရွက်သည်။ ၁၉၅၅ မှစ၍ မကွေးမြို့သို့ ပြောင်းရွှေ့လာခဲ့ပြီး မြေလတ်တက္ကသိုလ် အလွတ်ပညာသင်ကျောင်းနှင့် ဗမာ့ခေတ်မီ ကိုယ်ပိုင်အထက်တန်းကျောင်း(ယခု အထက၂ မကွေး)တို့ကို ဖွင့်သည်။ ၁၉၆၂ ဦးနေဝင်းအစိုးရလက်ထက် ပြည်သူပိုင်သိမ်းခံရသည်။ ၁၉၅၈ တွင် ပထစအဖွဲ့ နတ်မောက်မြို့ အရှေ့ပိုင်း ပါလီမန်အမတ်အဖြစ် အရွေးခံရသည်။ ရေနံမြေသပိတ်တပ်ကြီး ရန်ကုန်မြို့သို့ ချီတက်ခဲ့သော ၁၃ဝဝပြည့် အရေးတော်ပုံ အောင်မြင်ရေးကို မြန်မာ့အလင်းဦးချစ်မောင်၊ တက်ဘုန်းကြီးသိန်းဖေ(သိန်းဖေမြင့်)၊ တိုးတက်ရေးဦးသိမ်းတို့နှင့်အတူ တာဝန်ယူ ဆောင်ရွက်ခဲ့သည်။

ကြီးပွားရေးမဂ္ဂဇင်းက ကြီးမှူးကျင်းပသော စာရေးဆရာကြီးသုံးဦးတို့၏ စွမ်းရည်အကဲဖြတ် ဆောင်းပါးပြိုင်ပွဲ ဆုရဆောင်းပါးသည် ပထမဆုံး ပုံနှိပ်စာမူ ဖြစ်သည်။ ၁၉၃၇ တွင် ရန်ကုန်တက္ကသိုလ် စစ်ကိုင်းကျောင်းဆောင် သဟာယအဖွဲ့က ထုတ်ဝေသော စစ်ကိုင်းဂုဏ်ရည်မဂ္ဂဇင်းတွင် အယ်ဒီတာ တာဝန်ယူခဲ့သည်။ ဗိုလ်ချုပ်မိခင်ဆောင်းပါး (မြဝတီ၊ ၁၉၅၃)အပါအဝင် တိုးတက်ရေး၊ နဂါးနီ၊ အိုးဝေ၊ ဘားမားဂျာနယ်တို့တွင် ဆောင်းပါးများစွာရေးသားခဲ့သည်။ နဂါးနီစာအုပ်အသင်းထုတ် ဂန္ဒီနှင့်နေရူး၏ အတ္ထုပ္ပတ္တိဖြစ်သော လွတ်လပ်ရေးတိုက်ပွဲ(၁၉၃၇)သည် ပထမဆုံး ပုံနှိပ်စာအုပ်ဖြစ်သည်။ ရောင်နီ(၁၉၃၈)၊ ထောင်ထွက်ကြီး(၁၉၃၉)၊ ထူးတဲ့ကိုး(၁၉၅၃)၊ ငါးမိနစ် (သို့) အောင်မြင်ရေးနည်း ၁ဝ၈ (၁၉၆၁)၊ ဆယ်မိနစ် (သို့) အောင်မြင်ရေးနည်း ၉၉ (၁၉၆၂) စသည့် တက်ကျမ်းများကို ရေးခဲ့သည်။ တော်စတွိုင်း၏ ပုံပြင်များ (၁၉၅၈)ကိုလည်း သန်းဆွေနှင့် ပူးတွဲ ဘာသာပြန်ခဲ့သည်။ ဦးအာကာ ကလောင်အမည်ဖြင့် သင့်ဘဝခရီးစဉ်(သို့) အနောက်တိုင်းဗေဒင် (၁၉၆၁)ကိုလည်း ပြုစုထုတ်ဝေခဲ့သည်။ ၁၉၇၁ မှစ၍ ၁၉၈၄ မကွယ်လွန်မီအထိ အင်္ဂလိပ်စာ ကျူရှင်ကျောင်း ဖွင့်လှစ်သင်ကြားခဲ့သည်။

၁၉၈၄ စက်တင်ဘာလ ၂၆ ရက်၊ ည ၁ဝနာရီ မိနစ်၂ဝ အချိန် မကွေးမြို့ ပွဲကြိုရပ် နတ်မောက်လမ်းနေအိမ်၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ဇနီးဒေါ်သန်းတင်နှင့် သားတစ်ယောက် ကျန်ရှိသည်။