သနပ်ခါးမြို့တော် အရာတော်တွင်သနပ်ခါးဇုန်နယ်မြေသတ်မှတ်ရန် ပြင်ဆင်

Listing Description

အရာတော်  ဒီဇင်ဘာ  ၂၇

အရာတော်မြို့နယ် သနပ်ခါးအသင်းအနေဖြင့် သနပ်ခါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်အတွက် သနပ်ခါးဇုန် နယ်မြေသတ်မှတ်ရန်  ပြင်ဆင်နေကြောင်း  မြန်မာနိုင်ငံ  သနပ်ခါးထုတ်လုပ်ရောင်းချသူများ အသင်းဥက္ကဋ္ဌ ဦးကျော်မိုးထံမှ သိရသည်။

“အရာတော်မြို့နယ်မှာ သနပ်ခါးစိုက်ဧက တစ်သိန်းကျော်ရှိရာ သနပ်ခါးစိုက်ဧက ၁၀၀ နဲ့ ၁၅၀  ကြားတစ်ဆက်တည်းရှိတဲ့ နယ်မြေဒေသတစ်ခုကို သနပ်ခါးဇုန်သတ်မှတ်ပြီး စိုက်ပျိုးရေး ကို အခြေခံတဲ့  ခရီးသွားနေရာသစ် ဖော်ဆောင်နိုင်အောင် ကြိုးစားနေတာပါ” ဟု ဦးကျော်မိုးက ပြောသည်။

တောတောင်ရေမြေသဘာဝအလှများ ရှိရမည်ဖြစ်သလို လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး သနပ်ခါးစိုက်တောင်သူများ စိတ်ပါဝင်စားမှုရှိသည့်နေရာမျိုးကို ရွေးချယ်အကောင် အထည်ဖော်ရန် ညှိနှိုင်းဆွေးနွေးထားကြောင်း သိရသည်။

သနပ်ခါးဇုန်နယ်မြေသတ်မှတ်နိုင်ရန် စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားဌာနတို့ ပေါင်းစပ်ညှိနှိုင်း စီစဉ်ဆောင်ရွက်နေသည်။

"မြန်မာနိုင်ငံမှာ လူထုအခြေပြု ခရီးသွားလုပ်ငန်းနဲ့ သဘာဝအခြေပြု ခရီးသွားလုပ်ငန်းတွေ ဖော်ဆောင်နေတာပါ။ သနပ်ခါးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာ သတ်သတ်မှတ်မှတ် ထူးထူးခြားခြား ဆောင်ရွက်တာမရှိသေးဘူး။ သနပ်ခါးကဏ္ဍဖွံ့ဖြိုးတိုးတက်စေချင်ပြီး ဒေသမှာအလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်လာစေဖို့အတွက် သနပ်ခါးဇုန်နယ်မြေသတ်မှတ်ဖို့ဆောင်ရွက်နေတာ ဖြစ်ပါတယ်” ဟု ဦးကျော်မိုးက ပြောသည်။

မြန်မာ့သနပ်ခါးကို ယူနက်စကိုအမွေအနှစ်စာရင်းဝင်ရန် ၂၀၂၀ ပြည့်နှစ် မတ်လက တင်ထားသည့်အတွက် သနပ်ခါးမြို့တော် အရာတော်တွင် သနပ်ခါးစိုက်ပျိုးမှုကို အဓိက အခြေခံပြီး ခရီးသွားလုပ်ငန်း နေရာသစ် ဖော်ဆောင်ရန် လုပ်ဆောင်နေခြင်းဖြစ်သည်။

"အရာတော်မြို့နယ်မှာ သနပ်ခါးစိုက်ပျိုးနေတဲ့  ဧက ၁၀၀ နဲ့ ၁၅၀ ကြားတစ်ဆက် တည်းရှိတာ ငါးနေရာလောက် ရှိပါတယ်။ သဘာဝရေကန်ရှိတာတို့၊ တစ်ဖက်ပိတ်ဆည်ရှိတာတို့၊ ကားလမ်း ပေါက်တာတို့ ၊ Sun Set ကြည့်လို့ရမယ့်နေရာနဲ့ တောတောင်အလှတွေ ကြည့်လို့ရမယ့် နေရာမျိုးတွေထဲက ရွေးချယ်ရမှာပါ” ဟု ဦးကျော်မိုးက ပြောသည်။

မျိုးဝင်းထွန်း (မုံရွာ)