နန်းဦးရွှေဘုံသာစေတီ

Listing Description

နန်းဦးရွှေဘုံသာစေတီသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်၊ ကင်းတပ်မြို့တွင် တည်ရှိပါသည်။ သက္ကရာဇ် ၁၁၂၀ ပြည့်နှစ် တန်ဆောင်မုန်းလဆန်း ၂ ရက်နေ့တွင် အလောင်းမင်းတရားကြီးသည် စစ်သည်ရဲမက်များနှင့်တကွ မဏိပူရကို ချီတက်တိုက်ခိုက်ရာ ပြာသိုလဆန်း ၁၄ ရက်နေ့တွင် အောင်မြင်ခဲ့ပြီး တမူးမှတစ်ဆင့် ပြန်လာရာ မော်လူးနတ်ကျွန်း တောင်မြေစခန်းသို့ တပို့တွဲလဆန်း ၁ ရက်နေ့တွင်ရောက်သည်။ ထိုနေရာကို "ကင်းတပ်တော်" ဟု အမည်တွင်စေပြီး ယာယီစံမြန်းရာ နန်းတော်ဦးကုန်းထိပ်တွင် ဓာတ်တော်များကို ဌာပနာလျက် နန်းဦးရွှေဘုံသာစေတီတော်ကို တည်ထားခဲ့ပါသည်။ စစ်ချီတက်ရာတွင် တပ်ဦး၌ ပင့်ဆောင်ကိုးကွယ်သော ဒက္ခိဏသာခါဆင်းတုတော်နှစ်ဆူအနက် တစ်ဆူမှာ နန်းတော်ရာ၌ ဆောက်လုပ်ခဲ့သော မင်းကျောင်းတွင် ပူဇော်ခံထားရှိခဲ့၍ ဆရာတော်အဆက်ဆက် ကိုးကွယ်ပူဇော်ခဲ့ပါသည်။ စေတီတော်ပျက်စီးသည်ကို သက္ကရာဇ် ၁၂၅၁ ခုနှစ်တွင် ကင်းတပ်မြို့ ညောင်ဝိုင်းဆရာတော်က ပြုပြင်ခဲ့၍ ၁၂၉၀ ပြည့်နှစ်တွင် ဒုတိယညောင်ဝိုင်းဆရာတော်နှင့် ဒါယကာ ဒါယိကာမများက ပြုပြင်ခဲ့ပြီး ၁၃၁၄ ခုနှစ်တွင် ကလေးဝ တောကျောင်းဆရာတော် ဦးသာဂရက ကြီးကြပ်ပြုပြင်မွမ်းမံခဲ့ပါသည်။