နန်းဦးစေတီတော်

Listing Description

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၏အရှေ့တောင်ဘက် ၄ မိုင်အကွာ၊ မြင်စိုင်းမြို့ဟောင်းအတွင်း၊ ကျောက်ဆည်မြို့နှင့် ဖျောက်ဆိပ်ပင်ရွာသွားကားလမ်းမ တောင်ဘက်ဘေးတွင် တည်ရှိပါသည်။ မြင်စိုင်း မြို့ဟောင်းတွင်ရှိသော မြို့ရိုးသုံးခုအနက် အလယ်မြို့ရိုးအတွင်းတွင် တည်ရှိပြီး ကျောက်စာ အထောက်အထားများအရ မြင်စိုင်းနန်းဦး စေတီတော်ကို သက္ကရာဇ် ၆၆၂ ခုနှစ် (ခရစ်နှစ် ၁၃ဝ၁ ခုနှစ်) တွင် အသင်္ခယာမင်းသည် နန်းတော်နှင့် တစ်ပြိုင်တည်း တည်ထားခဲ့ပြီး သက္ကရာဇ် ၆၉၁ ခုနှစ် (ခရစ်နှစ် ၁၃၃ဝ ပြည့်နှစ်)တွင် ဥဇနာမင်းမှ မူလစေတီကိုငုံပြီး ဉာဏ်တော်မြှင့်တင်တည်ခဲ့ကြောင်း သိရသည်။ စေတီသည် မြေစိုက်စေတီဖြစ်ပြီး ပုဂံရွှေစည်းခုံစေတီတော်ကဲ့သို့ပင် လေးထောင့်ပစ္စယာများခံပြီး တည်ဆောက်ထားသော စေတီတစ်ဆူဖြစ်သည်။ လေးဖက်လေးတန် ပစ္စယာများပေါ်တက်ရန် လှေကားများပါရှိပြီး ပစ္စယာပတ်လည်တွင် ဇာတ်တော်စဉ့်ခွက်များပါရှိသည်။ ပစ္စယာ သုံးဆင့်ပါရှိပြီး အောက်ခြေပစ္စယာအခြေမှာတစ်ဖက်လျှင် ၁၇၄ ပေပတ်လည်ရှိကာ စေတီဉာဏ်တော်မှာ ၁၇၄ ပေကျော်ရှိသည်။ စေတီတော်ပေါ်မှ အနီးအနားရှိ မြင်စိုင်းခေတ် တောင်ထိပ်စေတီဟောင်းများ၊ မြင်စိုင်း နန်းမြို့ရိုး များကို ကောင်းစွာတွေ့မြင်ကြည့်ရှုနိုင်သည်။