မြစေတီတော်

Listing Description

မြစေတီတော်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့၊ အမှတ် (၂) ရပ်ကွက်၊ ကမ်းနားလမ်းနှင့် ကုန်သည်လမ်းထောင့်တွင် တည်ရှိပါသည်။ သီရိဓမ္မာသောကမင်းကြီးကောင်းမှု စေတီပေါင်းရှစ်သောင်းလေးထောင်တွင် တစ်ဆူအပါအဝင်ဖြစ်ပြီး မူလစတင်တည်ထားခဲ့စဉ်က ဉာဏ်တော် ၄ တောင်ခန့်သာရှိခဲ့သည်ဟု သိရှိရပါသည်။ နောက်ပိုင်းတွင် စေတီတော်ကို အနော်ရထာမင်းကြီးက တိုးချဲ့တည်ထားခဲ့ရာ ဉာဏ်တော် ၁၅ တောင် အမြင့်ရှိလာခဲ့ကြောင်း မှတ်သားရပါသည်။ ကောဇာသက္ကရာဇ် ၄၇၄ ခုနှစ်တွင် အလောင်းစည်သူမင်းကြီးက သီရိဓမ္မာသောကမင်းကြီး စတင်တည်ထားကိုးကွယ်ပြီး ဘေးတော် အနော်ရထာမင်းကြီးက ထပ်မံပြုပြင်ထားသည့် ထိုစေတီတော်ကိုငုံ၍ မွန်းမံပြင်ဆင်ခဲ့ကာ အလောင်းစည်သူမင်းကြီး၏ မိဖုရားကြီးက ၎င်းပိုင်ဆိုင်သော မြတဘက်တော်ကို စေတီတော်၌ ဌာပနာပြု ကိုးကွယ်ခဲ့သဖြင့် "မြစေတီ" ဟု ဘွဲ့အမည် ခေါ်တွင်ခဲ့ကြကြောင်း မှတ်သားရပါသည်။ ကုန်းဘောင်မင်းဆက် မင်းတုန်းမင်းလက်ထက်တွင် မြစေတီဘုရားကို ပြန်လည်ပြုပြင်ခဲ့သော အမှတ်အသားများကို တွေ့ရပါသည်။ မြစေတီဘုရား အုတ်တံတိုင်းထောင့်တွင် ခြင်္သေ့ရုပ်တုတစ်ခု ဧရာဝတီမြစ်ကမ်းသို့ မျက်နှာမူနေသည်ကို တွေ့နိုင်ပြီး သာမန်အားဖြင့်ကြည့်ရှုလျှင် ခြံင်္သေ့ရုပ်ကြီး ထိုင်နေသည်ဟု ထင်ရသော်လည်း သေချာစွာလေ့လာကြည့်ရှုသည့်အခါ ထိုင်နေသည့် ခြင်္သေ့၏ရှေ့လက်များသည် ခြင်္သေ့လက်မဟုတ်ဘဲ နဂါးရုပ်ကိုလက်ဖြင့်ကိုင်၍ မြေကြီးနှင့် ဆောင့်နေသော ခြင်္သေ့ရုပ်ဖြစ်ပြီး နယ်ချဲ့ဆန့်ကျင်ရေးသမိုင်း၏ တစ်ပိုင်းတစ်စ ကောက်ကြောင်းကို တွေ့မြင်နိုင်ပါသည်။ ဆိုလိုသည်မှာ မင်းတုန်းမင်းသည် အင်္ဂါသားဖြစ်၍ အင်္ဂါခြင်္သေ့ဆိုသည့်အတိုင်း ခြင်္သေ့ရုပ်သည် မင်းတုန်းမင်းကြီးကို ရည်ရွယ်၍ နဂါးဆိုသည်မှာ စနေနံ အင်္ဂလိပ်များကို ရည်ရွယ်ပြီး နယ်ချဲ့အင်္ဂလိပ်များကို တွန်းလှန်ရန်သရုပ်ဖော် သွန်းလုပ်ထားသည်ဟု ဆိုနိုင်ပါသည်။