မြန်မာနိုင်ငံ၏ပထမဆုံး ကျွန်းကိုအခြေခံသည့် ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း ဒီဇင်ဘာလအတွင်း ဖွင့်လှစ်မည်

Listing Description

မြိတ် နိုဝင်ဘာ ၃၀

တနင်္သာရီတိုင်းဒေသကြီး မြိတ်-ကျွန်းစုရှိ ကျွန်းများသို့ အပန်းဖြေခရီး လာရောက် လည်ပတ်ကြသည့် ခရီးသွားဧည့်သည်များ ပိုမိုအဆင်ပြေစေရေးအတွက် ကျွန်းကိုအခြေ ခံသည့် ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း (Community Based Tourism- CBT)ကို ကျွန်းစုမြို့နယ် ဒုံးကျွန်းပေါ်ရှိ ဒုံးညောင်မှိုင်း ကျေးရွာ၌ အကောင်အထည်ဖော်လျက်ရှိရာ ၉၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်၍ ဒီဇင်ဘာလ အတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ်နေကြောင်း ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

"ဒုံးညောင်မှိုင်းကျေးရွာမှာ ရပ်ရွာလူထု အခြေပြု ခရီးသွားလုပ်ငန်း အကောင်အထည် ပေါ်လာရင် မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး ကျွန်း အခြေပြု CBT ဖြစ်လာမှာဖြစ်ပြီး တနင်္သာရီ တိုင်းဒေသကြီးတစ်ခုလုံးမှာ အအောင်မြင်ဆုံး ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း ဖြစ်လာ မယ်လို့ မျှော်လင့်ထားပါတယ်။ မြိတ်ခရိုင်ရဲ့ ကျွန်းခရီးစဉ်တွေမှာ ပုံမှန်အားဖြင့် ကျွန်းတွေ ပေါ်မှာ ညအိပ်ခွင့်မပေးထားလို့ ဒုံးညောင်မှိုင်း CBT ပေါ်လာတဲ့အခါမှာ ညအိပ်လည်ပတ်လို တဲ့ ခရီးသည်တွေအတွက် ပိုမိုအဆင်ပြေမှာ ဖြစ်ပါတယ်"ဟု မြိတ်ခရိုင် ဟိုတယ်နှင့် ခရီး သွား ညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးနိုင်လင်းဇော်က ပြောသည်။

မြိတ်ခရိုင်၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်စေရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ငွေကြေးနှင့် မူဝါဒပိုင်းဆိုင်ရာ ထောက်ပံ့ခွင့်ပြုမှု၊ မြိတ်ခရိုင် ခရီးသွား လုပ်ငန်းရှင်များအသင်း၏ ငွေကြေးလှူဒါန်းမှု၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ ကြီးကြပ်ကွပ်ကဲမှုနှင့် ဒေသခံ ကျေးရွာနေ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် ကျွန်းစု မြို့နယ် ဒုံးကျွန်းပေါ်ရှိ ဒုံးညောင်မှိုင်းရွာ၌ ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းကို ဖွင့်လှစ်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

"အဓိကကတော့ ကျွန်းအခြေပြုခရီးသွား လုပ်ငန်းတွေ သွားတဲ့အခါမှာ ကျွန်းပေါ်မှာ အပန်းဖြေစခန်းတွေ တရားဝင်ခွင့်ပြုထားတာ မရှိတဲ့အတွက် ညအိပ်ရပ်နားလို့ မရဘူး။ နေ့ ချင်းပြန်ခရီးစဉ်တွေပဲ သွားရတယ်။ အခု ဒုံးညောင်မှိုင်းကျေးရွာမှာ ဖော်ဆောင်နေတဲ့ CBT ကတော့ ပထမဦးဆုံး ကျွန်းပေါ်မှာဖွင့် လှစ်တဲ့ CBT တစ်ခုလည်း ဖြစ်လာမယ်။ အဲဒီ CBT ရှိလာတဲ့အတွက် ကျွန်းပေါ်မှာ တရားဝင် ညအိပ်ခွင့်တွေ ရလာမှာပါ။ ဧည့်သည်တွေ တောင်းဆိုနေတဲ့ ကျွန်းပေါ်မှာ ညအိပ်ပြီး သက်သောင့်သက်သာသွားနိုင်မယ့် ခရီးစဉ် တွေ ဖြစ်လာမှာပါ"ဟု မြိတ်ခရိုင် ခရီးသွား လုပ်ငန်းရှင်များအသင်း၏ ဥက္ကဋ္ဌ ဒေါက်တာ သိန်းဆွေမြင့်က ပြောသည်။

ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း ဆောင် ရွက်လျက်ရှိသည့် ဒုံးညောင်မှိုင်းကျေးရွာတွင် ခရီးသွားဧည့်သည်များအနေဖြင့် ဆလုံလူမျိုး၊ ကရင်လူမျိုး၊ မြန်မာလူမျိုးများ၏ ယဉ်ကျေးမှု ဓလေ့ထုံးစံများနှင့် လူမှုဘဝ နေထိုင်မှုပုံစံ များကို လေ့လာနိုင်မည့်အပြင် ကျွန်းပေါ်၌ စက်ဘီးစီးခြင်း၊ လှေငယ်များလှော်ခတ်ပြီး ဒီရေတောများကို လေ့လာခြင်း၊ ငါးမျှားခြင်း၊ ငါးဖမ်းလှေနှင့်လိုက်ပါ၍ ငါးဖမ်းလုပ်ငန်းကို လေ့လာခြင်းတို့ လုပ်ဆောင်နိုင်မည်ဖြစ် ကြောင်း၊ ဒုံးညောင်မှိုင်းကျေးရွာကို အခြေပြု၍ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ အကြား၌ ရေပန်းစားနေသည့် စမတ်ကျွန်းနှင့် အခြားကျွန်းများသို့လည်း ဒေသခံများ၏ မော် တော်ဘုတ်များဖြင့်လည်းကောင်း၊ စပိဘုတ် များဖြင့်လည်းကောင်း သွားရောက်လည်ပတ် နိုင်မည်ဖြစ်ကြောင်း သိရသည်။

"CBT ဖြစ်လာတဲ့အချိန်ကျတော့ ရပ်ရွာ လူထုအခြေပြုဆိုတော့ ဒေသခံတွေရဲ့အလုပ် အကိုင် အခွင့်အလမ်းတွေ ပွင့်လန်းလာလိမ့် မယ်။ အရင်တုန်းကဆိုရင် မြိတ်မှာပြေးဆွဲ နေတဲ့ ကျွန်းခရီးစဉ်အကုန်လုံးက နေ့ချင်းပြန် ခရီးစဉ်ပဲ ဆွဲတယ်။ မနက်သွား ညနေပြန်ရ တယ်။ ဧည့်သည်အတော်များများက ကျွန်း ပေါ် ညအိပ်ချင်တယ်။ ကျန်တဲ့ကျွန်းတွေကို လိုက်လည်ချင်တယ်။ CBT ဖြစ်လာပြီဆိုတော့ ညအိပ်တဲ့အခွင့်အရေး ပိုလာပါတယ်။ ခရီး သွားလုပ်ငန်းမှာ အလုပ်အကိုင်အခွင့်အလမ်း ပိုလာသလို ဒေသခံတွေမှာလည်း အလုပ် အကိုင် အခွင့်အလမ်း ပိုလာပါတယ်။ မြန်မာ တစ်နိုင်ငံလုံးမှာရှိတဲ့ CBT တွေနဲ့ မတူတဲ့ ထူးခြားချက်က ကျွန်းပေါ်မှာရှိတဲ့ CBT ဟာ ဒီတစ်ခုပဲရှိပါတယ်"ဟု Mergui Dolphin ခရီးသွားလုပ်ငန်းမှ ဦးမြင့်သန်းက ပြောသည်။

မြိတ်ခရိုင်အတွင်း ခရီးသွားလုပ်ငန်းများ ကို ၂၀၁၅ နှစ်ဆန်းပိုင်းက စတင်ဆောင်ရွက်ခဲ့ ကြောင်း၊ ခရီးသွားလုပ်ငန်းစတင်စဉ် မြိတ် ခရိုင်အတွင်း၌ ဟိုတယ်နှင့်ခရီးသွားလိုင်စင်ရ ဟိုတယ်/တည်းခိုရိပ်သာ ရှစ်လုံးနှင့် ခရီးသွား ကုမ္ပဏီ ခြောက်ခုသာရှိကြောင်း၊ ၂၀၁၆ မှစ၍ ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည် လာ ရောက်မှု များပြားလာကာ ဒေသခံလုပ်ငန်း ရှင်များကလည်း ခရီးသွားလုပ်ငန်းနယ်ပယ် တွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလာကြသည့် အတွက် ဒေသအတွင်း ဟိုတယ်နှင့် တည်းခို ရိပ်သာများ တိုးပွားလာကြောင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

"CBT ဖွင့်လှစ်ဖို့ ဒုံးညောင်မှိုင်းကျေးရွာမှာ ကော်မတီ ဖွဲ့စည်းပေးထားပြီးပါပြီ။ ဒီကရတဲ့ ပိုက်ဆံတွေကို ရွာကလူတွေပဲ စီမံခန့်ခွဲပိုင်ခွင့် ပေးထားပါတယ်။ လက်ရှိ ညောင်မှိုင်းရွာဆိုရင် လည်း ဆလုံလူမျိုးတွေ ၂၀၀ ကျော်လောက် ရှိတယ်။ ကျေးရွာမှာ CBT စခန်း ပေါ်သွားပြီ ဆိုရင် ရွာခံတွေက သူတို့ရဲ့ ဒေသခံလှေလေး တွေနဲ့ ခရီးပြေးဆွဲခွင့်တွေ ရလာမယ်။ ပြီးတော့ စားသောက်ဆိုင်တွေ အလုပ်အကိုင်ရလာ မယ်။ လက်မှုပစ္စည်းတွေရောင်းချဖို့ အခွင့် အလမ်းတွေရလာမယ်"ဟု ဒေါက်တာ သိန်းဆွေမြင့်က ဆက်ပြောသည်။

မြိတ်ခရိုင်တွင် လက်ရှိအချိန်၌ ခရီးသွား ကုမ္ပဏီ ၃၆ ခုအထိ ရှိနေပြီး ခရီးသွားလုပ်ငန်း များတွင် ပြေးဆွဲလျက်ရှိသော Speed Boat အစင်းရေ ၄၀ ကျော်ရှိကြောင်း၊ ကျွန်းကို အခြေခံသည့် ရပ်ရွာအခြေပြု ခရီးသွား လုပ်ငန်း CBT ဖွင့်လှစ်ပြီးပါက ခရီးသွား ဧည့်သည်များ ကျွန်းအပန်းဖြေခရီးစဉ်တွင် ညအိပ်ရပ်နားနိုင်မည် ဖြစ်သည့်အတွက် စိတ်ဝင်စားမှုပိုရပြီး ယခင်ကထက် ခရီးသွား ဧည့်သည်များ ပိုမိုလာရောက် လည်ပတ်ကြလိမ့်မည်ဟု ခရီးသွားလုပ်ငန်းရှင်များက မျှော်လင့်နေကြကြောင်း သိရသည်။ ။

သတင်းဆောင်းပါး - ခိုင်ထူး(မြိတ်)