မဟာကျိန်သစ္စာရှင်ဘုရားကြီး

Listing Description

မဟာကျိန်သစ္စာရှင်ဘုရားကြီးသည် ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ သုနန္ဒာလမ်း၊ (ဋ) ရပ်ကွက်တွင် တည်ရှိပါသည်။ ဘဒ္ဒန္တကုလရက္ခိတမဟာဇေယျ သိဒ္ဓိ အဓိဌာန်ဆရာတော် မှ ဦးဆောင်ဦးရွက်ပြု၍ ၂၀၀၆ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ သုံးနှစ်တာကာလကြာမြင့်သည်အထိ ထုလုပ်ပူဇော်ခဲ့ခြင်းဖြစ်ပါသည်။ မဟာကျိန်သစ္စာရှင်ဘုရားကြီးသည် ဆရာတော်ဘုရား တည်ထားပူဇော်ခဲ့သည့် ဘုရားအဆူဆူများထဲတွင် (၈) ဆူ မြောက်ဖြစ်ပြီး နေပြည်တော်ရှိ ရန်အောင်ချမ်းသာဘုရားကြီးမှာ (၉) ဆူမြောက် ဖြစ်ပါသည်။ ရုပ်ပွားတော်မြတ်ကြီးကို နှစ်ထပ်အုတ်တိုက်ခံဖြင့်တည်ဆောက်ထားကာ ပလ္လင်သည် ၂၇ ပေ ၆ လက်မ မြင့်ပြီး ပလ္လင်အပါအဝင် စုစုပေါင်းအမြင့်ပေသည် ၁၂၉ ပေ ၆ လက်မ ရှိပါသည်။ ရုပ်ပွားတော်ကြီး ထုလုပ်ပူဇော်ရာတွင် ဆရာတော်မှ အများပြည်သူများ သစ္စာပြုအဓိဌာန်ဝင်နိုင်ရန် ရှေးရခိုင်ဘုရင်များလက်ထက်တွင် ဘုရင်အသစ်နန်းတက်သည့်အခါ မင်းကျင့်တရားနှင့်အညီ အုပ်ချုပ်ပါမည်ဟု ဗုဒ္ဓရုပ်ပွားတော်ကို ဦးထိပ်ပန်လျက် အဓိဌာန်ဖြင့်သစ္စာကျိန်ဆိုသည့် သမိုင်းအစဉ်အလာယူ၍ ပူဇော်တည်ထားခဲ့ပါသည်။ ဘွဲ့တော်မဟာကျိန်သစ္စာရှင်ဘုရား ဆိုသည်မှာ "မဟာ"သည် "မင်း"၊ "ကျိန်သစ္စာ" သည် "သစ္စာကျိန်ဆိုသည်"ကို ဆိုလိုပြီး ဘုရင်များသစ္စာတိုင်တည်ရာဘုရား ဟူ၍ အဓိပ္ပာယ်ရပါသည်။ ဘုရားပရဝုဏ်အတွင်းတွင် ရဟန္တာမြတ် အပါး ၈၀ တို့၏ ရုပ်တုများလည်း တည်ရှိပါသည်။