မေရီမြင့် (၁၉၂၉- ၁၉၅၇)

Listing Description

မြန်မာ့ရုပ်ရှင်လောကတွင် ထင်ရှားသော ဂန္ထဝင်ရုပ်ရှင်သရုပ်ဆောင် တစ်ဦး ဖြစ်ခဲ့သည်။ ပြဇာတ် ၃၀ နှင့် ရုပ်ရှင် ၄၇ ကားတွင် သရုပ်ဆောင်ခဲ့သည်။ သူမသည် ၁၉၅၀ ခုနှစ်များဝန်းကျင်တွင်ကျော်ကြားခဲ့သည်။ (ဒေါ်)တင်တင်မူ သီဆိုသည့် နာမည်ကြီး 'ရွှေလည်တိုင်' သီချင်း၏ မူရင်းသီဆိုခဲ့သူလည်း ဖြစ်သည်။ ကမ္ဘာတစ်ပတ် လည်ပတ်ခဲ့ပြီး ဟောလိဝုဒ်ကို ရောက်ဖူးသည်။ ယုဝတီကလောင်ရှင်များ အဖွဲ့ဝင်ဖြစ်ကာ ဝတ္ထုတို၊ ဝတ္ထုရှည်များရေးသားခဲ့သည်။ ကိုယ်တိုင်ရေး ဝတ္ထုရှည်ကို ကိုယ်တိုင်ဒါရိုက်တာလုပ်ပြီး ရုပ်ရှင်တစ်ကား ရိုက်ကူးဖူးသည်။ ဒါရိုက်တာ ရွှေဒုံးဘီအောင်၏ 'ဒေါက်တာအောင်ကျော်ဦး' (၁၉၅၇) (တွဲဖက် သရုပ်ဆောင် မောင်မောင်တာ၊ မေသစ်) တို့ကို ရိုက်ကူးခဲ့သည်။ 'ဒေါက်တာအောင်ကျော်ဦး' ကားသည် ၁၉၅၇ ခုနှစ် အတွက် အမျိုးသမီး ဇာတ်ပို့ ထူးချွန်ဆုကို မေရီမြင့် ရရှိလိမ့်မည်ဟု ရွှေဒုံးဘီအောင်နှင့် တွေ့ဆုံ ဆွေးနွေးခန်း မြန်မာ့အသံ အင်တာဗျူးတွင် ဒါရိုက်တာ ရွှေဒုံးဘီအောင် ပြောကြားချက်ကို မှတ်သားရပေသည်။

အဖ ဦးစိုင်းလုံခမ်းဟိန်၊ အမိ ဒေါ်နန်းဆွယ်ခက်ခမ်းတို့မှ ၁၉၂၉ ခု၊ မတ်လ ၅ ရက်၌ ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် မွေးသည်။ မွေးချင်း ၃ ယောက်အနက် အထွေးဆုံးဖြစ်သည်။ နန်းရွှေဝင်းနှင့် စိုင်းအိုက်ထွန်း ဟူသော အစ်ကိုအစ်မများ ရှိသည်။ ငယ်အမည် မသိန်းရှင်၊ ရှမ်းအမည် အဲစန် ဖြစ်သည်။

ကုန်သည်မိဘများက နမ္မတူမြို့ကို ပြောင်းရွှေ့အခြေစိုက်သောအခါ တစ်ရပ်ကွက်တည်းနေ မခင်ဖုန်းတင့် (နောင် ယုဝတီဂျင်းဖောမယ်) နှင့် ရင်းနှီးကာ စာပေဘက် လိုက်စားလာသည်။

ဆရာမြို့၏ တိုင်းရင်းမြန်မာအလယ်တန်းကျောင်းတွင် တက်ကာ အင်္ဂလိပ်စာကို သူငယ်တန်းမှ အခြေခံရခဲ့သည်။ သတ္တမတန်းအထိ ကျောင်းတစ်ဖက်ဖြင့် ကျောင်းကပွဲ၊ ရပ်ရွာကပွဲများတွင် ကပြလေ့ရှိသည်။ မိဘများကလည်း အားပေးသည်။

၁၉၄၃ ခု၊ စစ်ဖြစ်လာသောအခါ နမ္မတူမှ ၁၄ မိုင်အကွာ မန်ဆန်ရွာသို့ စစ်ပြေးကြသည်။ မေရီမြင့်အဒေါ် ဒေါ်ခွန်နန်းနွယ်၏ ခင်ပွန်းမှာ နမ္မတူသတ္တုတွင်းမန်နေဂျာ အေဘား ဂျက် ဆိုသော နိုင်ငံခြားသားဖြစ်သည်။ ၁၉၄၅ ခုတွင် အဒေါ် ဒေါ်ခွန်နန်းနွယ်နှင့် တရုတ်နိုင်ငံ၊ ရှန်ဟဲမြို့သို့ သွားနေသည်။

ရှန်ဟဲတွင် မိတ်ကပ်၊ ဆံပင်ပြုပြင်ရေးသင်တန်း တက်သည်။ ကိုရီးယားများ တည်ထောင်ထားသော အနောက်တိုင်း အဆိုအကသင်တန်းကောလိပ်လည်း တက်ရောက်ရာ ကျောင်းဆင်းဒီပလိုမာလက်မှတ် ရခဲ့သည်။

ကိုရီးယားဆရာမ၏ တိုက်တွန်းချက်ကြောင့် ၁၉၄၇ ခုနှစ်၊ ရှန်ဟဲအလှမယ်ပြိုင်ပွဲ ဝင်ရာ အလှမယ်ဘွဲ့ ရသည်။ ရှန်ဟဲ၌ ၁၉၄၉ ခုအထိ နေထိုင်ခဲ့သည်။

ရှန်ဟဲမှ နမ္မတူသို့ ပြန်ရောက်သော် အနုပညာလောကသို့ ဝင်ရန် ရန်ကုန်သို့ ဆင်းလာသည်။ ရန်ကုန်တွင် အစ်မနှယ်ခင်သည့် ဒေါ်ခင်ဘုန်းတင့်အိမ်တွင် တည်းရင်း အေဝမ်းရုပ်ရှင်ကုမ္ပဏီသို့ မင်းသမီး လျှောက်သည်။ မြန်မာစကားပြော အသံဝဲရာ အသံထွက်ကားအတွက် လက်မခံခဲ့ပေ။

ဆရာ ရွှေဒုံးဘီအောင် မှတဆင့် ဝင်းဝင်းပြဇာတ်ရုံလောကနှင့် ဆက်မိသည်။ သစ္စာပန်းနှစ်ခိုင် ပြဇာတ်တွင် ရှန်ဟဲမယ်မေဝမ်း အမည်ဖြင့် သရုပ်ဆောင်ခဲ့သည်။ ယင်းပြဇာတ်တွင် တက္ကသိုလ်မျိုးချစ်က ရေတပ်ဗိုလ်၊ ခင်အုန်းမြင့်က အိန္ဒိယသူအဖြစ် သရုပ်ဆောင်ပြီး ရှန်ဟဲမယ်မေဝမ်းက တရုတ်မလေးအဖြစ် ပါဝင်သည်။

၎င်းနောက် ရှန်ဟဲမယ် ခင်စန်းမြင့်၊ ရွှေဒုံးဘီအောင် ရွေးပေးသည့် မေရီမြင့် စသဖြင့် အမည် ပြောင်းသုံးသည်။ အေဝမ်းမင်းသမီး မေမြင့် နှင့် ရုပ်ဆင်သည့်အတွက် ရှန်ဟဲမယ်မေရီမြင့် သာ အတည်ဖြစ်လာသည်။ ပြဇာတ်ပေါင်း ၃၀ ကပြခဲ့သည်။ စကားဝဲသည်ကို အပြင်းအထန်လေ့ကျင့်၍ မြန်မာလို ပီပီသသပြောနိုင်လာသည်။ အလင်္ကာကျော်စွာ ရွှေပြည်အေး ရေးစပ်သည့် 'ရွှေလည်တိုင်' သီချင်းမှာ အောင်သပြေရုပ်ရှင်မှ ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဇာတ်ညွှန်းခွဲ၊ ကိုယ်တိုင်ဒါရိုက်တာ၊ ကိုယ်တိုင်သရုပ်ဆောင်လုပ်ခဲ့တဲ့ 'ပင်မြင့်မာလာ' ဇာတ်ကားတွင် မေရီမြင့်ကိုယ်တိုင် သီဆိုခဲ့ခြင်း ဖြစ်သည်။ ကြည်ကြည်ဌေး သီဆိုခဲ့ဖူးပြီး ဝင်းဦး၏ 'မုန်းမေ့ပါနိုင်' ဇာတ်ကားတွင် တင်တင်မူ နောက်ဆုံးသီဆို ဓာတ်ပြားသွင်းခဲ့သည်။

ပြဇာတ်လောကမှ ရုပ်ရှင်လောကကို တက်လှမ်းခဲ့ရာတွင်လည်း အောင်မြင်မှုရရှိခဲ့သည်။ ၁၉၅၁ မှ ၁၉၅၇ ခုနှစ်အတွင်း ရုပ်ရှင်ကား ၄၇ ကားရိုက်ကူးခဲ့ရသည်။

၁၉၅၅ ခု၊ ဧပြီလ ၂၃ ရက်တွင် ဗိုလ်ကြီးမင်းဦးနှင့် လက်ထပ်ခဲ့သည်။ အိမ်ထောင်သက် ၂ နှစ်အကြာတွင် နေရာလွဲ သန္ဓေတည်ရောဂါ (သားဥပြွန်တွင် သန္ဓေတည်ခြင်း) ကို ခံစားရပြီး ၁၉၅၇ ခု၊ ဧပြီလ ၂၅ ရက်တွင် စံပြ သားဖွားခန်းသို့ တက်ရောက်ကာ ခွဲစိပ်ကု ခံခဲ့ရသည်။ သက်သာဟန်ပြလာ၍ ဆေးရုံမှဆင်းဟန်ပြန်စဉ် ၁၉၅၇ ခု၊ မေလ ၆ ရက်တွင် မွန်းလွဲ၌ အမောဖောက်ပြီး ညနေ ၃ နာရီခွဲတွင် အဆုတ်ရောင်ရောဂါနှင့် ကွယ်လွန်သည်။