မော်လမြိုင်ကျွန်းမြို့နယ်ရှိ စော်ကဲတံတားနှင့် ကျွန်းပြဿဒ်မြစ်ကူးတံတား တည်ဆောက်ပြီးစီး

Listing Description

မော်လမြိုင်ကျွန်း ဇန်နဝါရီ ၁၁

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင် ကျွန်း- ပုသိမ် အဝေးပြေးခရီးစဉ်တွင် အရေးပါသော မော်လမြိုင်ကျွန်းမြို့ နယ် စော်ကဲမြစ်ကူးတံတားနှင့် မော်လမြိုင်ကျွန်း -ဝါးခယ်မ ထိစပ် နေသော ကျွန်းပြဿဒ်မြစ်ကူးတံတား နှစ်စင်းစလုံး ရာနှုန်းပြည့်တည်ဆောက် ပြီးစီး သွားပြီဖြစ်၍ တံတားပေါ်မှ မော်တော်ယာဉ်များ ဖြတ်သန်းသွား လာမှုကို ခံနိုင်ဝန်စမ်းသပ်စစ်ဆေးခဲ့ ကြသည်။

မော်လမြိုင်ကျွန်း - စော်ကဲ မြစ်ကူး တံတားကို ၂၀၁၇ ခုနှစ် ဇူလိုင် ၁ ရက်မှ စတင်တည်ဆောက်ခဲ့ပြီး တံတား အရှည်ပေ ၂၄၆၀၊ ယာဉ်သွားလမ်း အကျယ် ၂၄ ပေ၊ လူသွားလမ်း အကျယ် တစ်ဖက်လျှင် သုံးပေ၊ ရေလမ်းကင်းလွတ်အမြင့်ပေ ၄၀ နှင့် ရေလမ်းကင်းလွတ်အကျယ် ပေ ၂၄၀ ရှိရာ ပင်မတံတားမှာ သံမဏိသံပေါင် တံတားအမျိုးအစားဖြစ်သည်။

ထို့ပြင် မော်လမြိုင်ကျွန်း-ပုသိမ်အဝေးပြေးခရီးစဉ်တွင် အရေးပါသော မော်လမြိုင်ကျွန်း-ဝါးခယ်မထိစပ်နေသော ကျွန်းပြဿဒ် မြစ်ကူးတံတားမှာလည်း ရာနှုန်းပြည့်တည်ဆောက်ပြီးစီးနေပြီဖြစ်ရာ မြစ်ကူးတံတားအရှည်ပေ ၂၃၆၀ ယာဉ်သွားလမ်းအကျယ်၂၈ ပေ(နှစ်လမ်းသွား)နှင့် လူသွားလမ်းအကျယ် တစ်ဖက် သုံးပေစီရှိသည်။ ရေလမ်းကင်းလွတ်အမြင့်ပေ ၄၀ နှင့် ရေလမ်းကင်းလွတ်အကျယ် ပေ ၂၄၀ ရှိရာ သံမဏိသံပေါင်သံကူကွန်ကရစ်တံတား အမျိုးအစားဖြစ်သည်။

အဆိုပါတည်ဆောက်ပြီးစီးနေသော မော်လမြိုင်ကျွန်းမြို့နယ် စော်ကဲ မြစ်ကူးတံတားနှင့် ကျွန်းပြဿဒ်မြစ်ကူးတံတားတို့ပေါ်မှ ဖြတ်ကျော်သွားလာ ရမည့် မော်လမြိုင်ကျွန်း-ပုသိမ် ဒုတိယဆက်သွယ်ရေးလမ်းကြောင်းဖြင့် သွားမည်ဆိုပါက မော်လမြိုင်ကျွန်း-ပုသိမ် တိုက်ရိုက်ခရီးစဉ်မှာ ၇၃ မိုင်သာ ကွာဝေးပြီး အချိန် သုံးနာရီဖြင့် ပုသိမ်မြို့သို့ အရောက်သွားလာနိုင်မည်ဖြစ်၍ လက်ရှိအသုံးပြုနေသော မော်လမြိုင်ကျွန်း -မအူပင်- ပုသိမ်ခရီးစဉ်ထက် ၇၇ မိုင် ခရီးလျော့နည်းသွားပြီး အချိန် လေးနာရီ သက်သာသွားကြောင်း သိရသည်။

မော်ကျွန်းမြင့်အောင်