ခရီးသွားများဖြင့် ဖွံ့ဖြိုးတိုးတက်လာဦးမည့် ဒီးမော့ဆိုမြို့နယ်က ခူးပရာတောင် (ခေါ်) ရွှေတောင်တန်း

Listing Description

ဒီးမော့ဆို ဇန်နဝါရီ ၁၂

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ခူးပရာကျေးရွာရှိ ခူးပရာတောင် (ရွှေတောင်တန်း) ကို ကိုဗစ်အလွန် ကာလတွင် ခရီးစဉ်ဒေသအသစ် တစ်ခုအဖြစ် ဖော်ဆောင်နိုင်ရန်အတွက် လေ့လာလျက်ရှိကြောင်း သိရသည်။

“ဒီးမော့ဆိုမြို့နယ် ခူးပရာကျေးရွာမှာရှိတဲ့ ရွှေတောင်တန်းက အမြင့် ပေ ၅၀၀၀ ကျော်ရှိတဲ့ တောင်တန်းတစ်ခုဖြစ်ပါတယ်။ တောင်ပေါ်ကနေ ကြည့်လိုက်လို့ရှိရင် သဘာဝအလှအပတွေနဲ့ ပြည့်စုံတဲ့နေရာတစ်ခု ဖြစ်ပါတယ်။

ခူးပရာကနေ ဆက်သွားမယ်ဆိုရင် ဖရူဆိုမြို့နယ် ထီးဆိုဒူး သဘာဝကြိုးဝိုင်း ထဲကို ရောက်သွားမယ်။ ထီးဆိုဒူး သဘာဝကြိုးဝိုင်းဆိုရင်လည်း ကျွန်တော်တို့ ကယားပြည်နယ်ရဲ့ ရေအရင်းအမြစ်တွေ မြစ်ဖျားခံရန် စတင်တဲ့ နေရာဖြစ်ပါ တယ်။ အဲဒီကနေဆက်သွားမယ်ဆိုရင် ကယောလူမျိုးတွေရှိတဲ့ ထေခိုကျေးရွာနဲ့ ဆင်ဖြူတောင်ကို ရောက်တယ်။ ဒါတွေကို သိတဲ့အတွက် ခရီးသွားဇုန်တစ်ခု တစ်ဆက်တည်း ဖော်ဆောင်နိုင်ဖို့ လာရောက်လေ့လာတာဖြစ်ပါတယ်” ဟု ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ပြည်နယ်တာဝန်ခံ ဦးလင်းဇော်ထွဋ်က ပြောသည်။

ခူးပရာတောင်သည် ပင်လယ်ရေမျက်နှာပြင် အထက်ပေ ၅၈၀၀ ကျော်ရှိပြီး လွိုင်ကော်မြို့မှ မိုင် ၅၀ ခန့် အကွာတွင် တည်ရှိကာ တောင်တက်လမ်း ခရီးတစ်လျှောက်တွင် စိတ်ဝင်စားဖွယ်ရာ တောတောင် သဘာဝ ရှုခင်းများ၊ စိမ်းစိုလှပသော လှေကားထစ် စိုက်ခင်းများ၊ တောင်ထိပ်တွင် သဘာဝဆန်ဆန် ဆောက်လုပ်ထားသော သစ်သားအိမ်နှင့် ဘန်ဂလိုလေးများ တွေ့မြင်ရမည်ဖြစ်သည့်အပြင် သဘာဝ တောတောင်အလှရှုခင်းများနှင့် ပြည့်နှက်နေသော နေရာတစ်ခုဖြစ်သည်။

ကိုဗစ်ကာလအလွန်တွင် ခရီးစဉ်ဒေသသစ်တစ်ခု ဖြစ်လာနိုင်သည့် ခူးပရာတောင် (ရွှေတောင်တန်း) သည် ခရီးသွားလုပ်ငန်းနှင့်အတူ စိုက်ပျိုးရေး လုပ်ငန်းများ၊ ထိုင်းနိုင်ငံမှ နေရပ်ပြန် ကယန်းတိုင်းရင်းသားများကို ပြန်လည် နေရာချထားပြီး ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း ဖော်ဆောင်နိုင်ရန် စီစဉ်ထားကာ ရွှေတောင်တန်း၊ ထီးဆိုဒူး အမြဲစိမ်းတော၊ ကယောဒေသ ဆင်ဖြူတောင် ကရင်ပြည်နယ် သံတောင်ကြီးအထိ ချိတ်ဆက်ဆောင်ရွက်နိုင်ရန်၊ ခရီးသွဇုန် တစ်ခု တစ်ဆက်တည်းဖြစ်ပေါ်လာနိုင်ရန် ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီ၊ ခရီးစဉ်ဒေသဆိုင်ရာစီမံခန့်ခွဲရေးအဖွဲ့နှင့် ဝိုင်းဝန်းအကြံပြု ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

ရီရယ်(ဒီးမော့ဆို)