ဒွေး (၁၉၆၆ - ၂၀၀၇)

Listing Description

ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော် ဒွေးကို အဖ ဦးတင်ထွန်းမောင်နှင့် အမိ ဒေါ်အေးအေးသင်းတို့ ရန်ကုန်မြို့တွင် မွေးဖွားပြီး မွေးချင်းများအနက် သားဦး ဖြစ်သည်။ အမည်ရင်းမှာ ထင်လင်း (ခ) သားကြီး ဖြစ်သည်။ ထင်လင်း (ခေါ်) ဒွေးသည် Y.I.T မှ လျှပ်စစ်အင်ဂျီနီယာဘွဲ့ရရှိခဲ့ပြီး ဘွဲ့မရခင်ကတည်းက အနုပညာလောကထဲသို့ အခြေချခဲ့သည်။ သရုပ်ဆောင်လောကထဲသို့ မဝင်မီက အဆိုတော် ဖြစ်ချင်ခဲ့သည်။ မမျှော်လင့်ပဲ ဦးလေးဖြစ်သူ ဦးကျော်ဟိန်းကြောင့် ရုပ်ရှင်ရိုက် ဖြစ်ခဲ့သည်။ ရုပ်ရှင်လောကထဲသို့ နာမည်ရင်း ထင်လင်းအမည်နှင့် ပထမဆုံး ဝင်ရိုက်ခဲ့ပြီး နောက်ပိုင်းတွင် ဒွေးအမည်သို့ပြောင်းကာ ၁၉၉၃ ခုနှစ်တွင် ဒါရိုက်တာ ကျော်ဟိန်း၏ "ဒုက္ခကို အရောင်ဆိုးတယ်" အမည်ရှိ မူးယစ်ဆေးဝါးပညာပေး ဗီဒီယိုကားနှင့် "ဝေလည်းမွှေး၊ ကြွေလည်းမွှေး ရုပ်ရှင်ကား"မှာ ပရိသတ်အသိများပြီး စတင်အောင်မြင်ခဲ့သည်။

မပပဝင်း (ခ) မမိုးမိုးနှင့် အိမ်ထောင်ကျသည်။ ၁၉၉၇ ခုနှစ်တွင် "အမေ့ခြေရာဇာတ်ကား" ဖြင့် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု ရရှိခဲ့သည်။ ရုပ်ရှင်ဇာတ်ကားကြီးပေါင်းများစွာ၊ ဗီဒီယို ကားပေါင်းများစွာနှင့် ကြော်ငြာများစွာ ရိုက်ကူးခဲ့သည်။ သီချင်းပေါင်း အပုဒ် ၃ဝကျော် ကို သီဆိုခဲ့သည်။

ကိုယ်တိုင် ဒါရိုက်တာအဖြစ် နောက်ဆုံးရိုက်ကူးခဲ့သောကားမှာ "နှင်းဆီမိုးတိမ်" ဖြစ်သည်။

အောင်မြင်နေချိန် အသက် ၄၂ နှစ်အရွယ်တွင် နှလုံးရောဂါဖြင့် ၂၀၀၇ ခုနှစ်၊ ဇူလိုင် ၁၁ ရက် ညနေ (၅) နာရီ၌၊ ရုတ်တရက် ကွယ်လွန်ခဲ့သည်။