ဒဂုံမြို့သစ်တောင်ပိုင်း၌ နိုင်ငံတကာအဆင့်မီ ဖူဆယ်အားကစားရုံ ဒီဇင်ဘာလကုန်ပြီးစီးမည်

Listing Description

ရန်ကုန် ဒီဇင်ဘာ ၂၁

မြန်မာနိုင်ငံတွင် ဖူဆယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်း၌ နိုင်ငံတကာအဆင့်မီ ဖူဆယ်အားကစားရုံကို ဒီဇင်ဘာ လကုန်တွင် အပြီးတည်ဆောက်ပြီးစီးမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

“ကျွန်မတို့ ဖူဆယ်အားကစားရုံကို ၂၀၁၉ ခုနှစ် စက်တင်ဘာလကစတင်တည်ဆောက်တာပါ။ အားကစားရုံ ပြီးသွားရင် ကစားသမားများ လေ့ကျင့်မွေးထုတ်ပေးနိုင် မှာဖြစ်ပါတယ်။ ပြည်တွင်းသာမက နိုင်ငံတကာကို သွားရောက်ယှဉ်ပြိုင်နိုင်မယ့် ကစားသမားတွေ ထွက်ပေါ် လာမှာ ဖြစ်ပါတယ် ” ဟု မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းနွယ်က ပြောသည်။

အဆိုပါ နိုင်ငံတကာအဆင့်မီ ဖူဆယ်အားကစားရုံ သည် ဒဂုံမြို့သစ်တောင်ပိုင်း အမှတ် (၂၅) ရပ်ကွက် ပုလဲရတနာလမ်းတွင် တည်ဆောက်လျက်ရှိပြီး အလျား ၂၄၉ ပေ၊ အနံ ပေ ၁၉၀၊ အမြင့် ၅၇ ပေရှိပြီး ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ခွဲဝေရန်ပုံငွေဖြင့် တည်ဆောက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အိမ်ရှင် ဗီယက်နမ်က ဖူဆယ် အားကစားနည်းကို ထည့်သွင်းထားကြောင်း သိရ သည်။

အာကာစိုး