ဒေါက်တာမောင်မောင် (၁၉၂၅ - ၁၉၉၄)

Listing Description

၁၉၂၅ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်တွင် အဖ အထက်တန်းရှေ့နေ ဦးဆင့်နှင့် အမိ ဒေါ်အေးတင်တို့မှ မန္တလေးမြို့၌ မွေးဖွားခဲ့သည်။ အစ်မနှစ်ယောက်၊ နှမ လေးယောက်ရှိသည်။ 

၁၉၃၉ ခုနှစ်တွင် မန္တလေးမြို့ ဗုဒ္ဓသာသနာ့နုဂ္ဂဟကျောင်းမှ ၁ဝ တန်းအောင်မြင်ပြီး မန္တလေးဥပစာကောလိပ်သိပ္ပံတန်းသို့ တက်ရောက် ပညာသင်ကြားခဲ့သည်။ 

၁၉၄၃ ခုနှစ်တွင် ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီ-ဒီ-အေ) ထောက်ပံ့ရေးတပ်ရင်းသို့ ဝင်ရောက်အမှုထမ်းသည်။ ဂျပန်ခေတ် မင်္ဂလာဒုံ စစ်တက္ကသိုလ် စတုတ္ထပတ်ဗိုလ်သင်တန်း တက်ရောက်ခဲ့ပြီး ၁၉၄၅ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ဗိုလ်သင်တန်းဆင်းခဲ့သည်။

၁၉၄၆ ခုနှစ် တွင် ရန်ကုန်တက္ကသိုလ်မှ အင်္ဂလိပ်စာဂုဏ်ထူးဖြင့် ဝိဇ္ဇာဘွဲ့ရရှိသည်။ ၁၉၄၆ ခုနှစ်၊ စက်တင်ဘာလမှစ၍ ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာနနည်းပြအဖြစ် လည်းကောင်း၊ ၁၉၄၆ ခုနှစ်မှ ၁၉၄၇ ခုနှစ်အထိ ပြန်ကြားရေးဌာန၊ နယူးတိုင်းအော့ဖ်ဘားမား သတင်းစာအယ်ဒီတာအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ 

၁၉၄၈ ခုနှစ် နှစ်ဦးပိုင်းမှ ၁၉၄၉ ခုနှစ်၊ အောက်တိုဘာလ အထိ မြန်မာနိုင်ငံမီးရထားဌာန လက်ထောက် အတွင်းဝန်အဖြစ်လည်းကောင်း တာဝန်များ ထမ်းဆောင်သည်

၁၉၄၉ ခုနှစ်၊ အောက်တိုဘာလတွင် အင်္ဂလန်နိုင်ငံ လန်ဒန်သို့ သတင်းဖြန့်ချိရေးပညာဖြင့် ပညာတော်သင်စေလွှတ်ခြင်းခံရသည်။ ၁၉၅၃ ခုနှစ်အထိ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့၌ ဥပဒေအပြည်ပြည်ဆိုင်ရာဆက်ဆံရေး၊ ပြန်ကြားရေးပညာများကို လေ့လာဆည်းပူးသည်။ ဟော်လန်နိုင်ငံရှိ Academy of International Law မှ အပြည်ပြည်ဆိုင်ရာ ဥပဒေ ဒီပလိုမာရရှိသည်။ ၁၉၅၂ ခုနှစ်တွင် လန်ဒန်မြို့လင်းကွန်းအင်း မှ Barrister-At-Law ဝတ်လုံအဖြစ်ခံယူသည်။ ၁၉၅၃-၁၉၅၅ ခုနှစ်တွင်အစိုးရရှေ့နေအဖြစ်တာဝန်ထမ်းဆောင်ရင်း ဥပဒေပညာကို ဆည်းပူး လေ့လာခဲ့သည်။ ၁၉၅၅ ခုနှစ်တွင် ဥပဒေသတင်းထောက်တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၅၈-ခုနှစ်တွင် လက်ထောက်ရှေ့နေချုပ်အဖြစ် ခန့်အပ်ခြင်းခံရသည်။ ၁၉၅၆ ခုနှစ်၊ ဇွန်လတွင် ဟော်လန်နိုင်ငံ Utrecht တက္ကသိုလ်မှ အပြည်ပြည်ဆိုင်ရာ ဥပဒေဘာသာရပ်ဖြင့် ဥပဒေပါရဂူ L. L. D (Doctor of Law)ဘွဲ့ရရှိသည်။ ၁၉၅၉ ခုနှစ်၊ အိမ်စောင့်အစိုးရလက်ထက်တွင် ကုလသမဂ္ဂသို့စေလွှတ်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်ခဲ့သည်။ ဂျပန်နိုင်ငံသို့ဝင်ခဲ့ပြီး ဟာမာမတ်စုမြို့ရှိ ဗိုလ်မိုးကြိုးနှင့်သွားရောက်တွေ့ဆုံခဲ့ကြောင်းသိရှိရသည်။ ၁၉၆ဝ ပြည့်နှစ်၊ ဖေဖော်ဝါရီလတွင် လက်ထောက်ရှေ့နေချုပ်အဖြစ်မှနုတ်ထွက်ခဲ့သည်။ ရန်ကုန်တက္ကသိုလ် ဥပဒေကထိက တာဝန်များ ထမ်းဆောင်ခဲ့သည်။၁၉၆ဝ ပြည့်နှစ်မှ ၁၉၆၂ ခုနှစ်အထိ အမေရိကန်နိုင်ငံ Yale ယေးလ်တက္ကသိုလ်၌ ကထိကအဖြစ် စာပေပို့ချရင်းကျမ်းပြုကာ ၁၉၆၁ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာဥပဒေ ဘာသာရပ်အတွက် ဒေါက်တာဘွဲ့ကို ရရှိသည်။

တော်လှန်ရေးကောင်စီလက်ထက်တွင် တရားရုံးချုပ် တရားသူကြီးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်းခံရသည်။ မြန်မာ့ဆိုရှယ်လစ်လမ်းပါတီ အမြုတေပါတီ ကာလ တွင် ပညာရေးရာကော်မတီဝင်အဖြစ် တာဝန်ထမ်းဆောင်သည်။ ၁၉၇၁ ခုနှစ် ပထမအကြိမ်ပါတီညီလာခံတွင် ပါတီစည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌအဖြစ် ရွေးချယ် တင်မြှောက်ခြင်းခံရသည်။ ၁၉၇၁ ခုနှစ်တွင် ဖွဲ့စည်းသောအဖွဲ့ဝင် ၉၇ ဦးပါဝင်သည့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (မူကြမ်း) ရေးဆွဲရေးကော်မရှင်တွင် အဖွဲ့ဝင်အဖြစ်ပါဝင်သည်။ ၁၉၇၂ ခုနှစ်တွင် တော်လှန်ရေးကောင်စီအဖွဲ့ဝင်ဖြစ်လာပြီး ၁၉၇၄ ခုနှစ်အထိ တော်လှန်ရေး အစိုးရ အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်သည်။

ဒုတိယအကြိမ်ပါတီညီလာခံ၊ တတိယအကြိမ်ပါတီ ညီလာခံနှင့် စတုတ္ထအကြိမ်ပါတီညီလာခံတို့တွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်အဖြစ် သုံးကြိမ်ဆက်တိုက် ရွေးချယ်ခြင်းခံရသည်။ ၁၉၇၄ ခုနှစ် ပထမအကြိမ်ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့် ရွေးချယ်တင်မြှောက်ပွဲတွင် အမရပူရမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ လည်းကောင်း၊ ၁၉၇၈ ခုနှစ် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့်ပြည်သူ့ကောင်စီ အဆင့်ဆင့် ရွေးချယ်တင်မြှောက်ပွဲနှင့် ၁၉၈၅ ခုနှစ်၊ စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော်နှင့်ပြည်သူ့ကောင်စီ အဆင့်ဆင့် ရွေးချယ်တင်မြှောက်ပွဲများတွင် မန္တလေးအရှေ့မြောက် မြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ လည်းကောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးခံရပြီး သက်ဆိုင်ရာ ပြည်သူ့လွှတ်တော် အစည်းအဝေးများက နိုင်ငံတော်ကောင်စီဝင်အဖြစ်ရွေးချယ် တာဝန်ပေးအပ်ခြင်း ခံရသည်။

၁၉၇၈ ခုနှစ်တွင် ဥပဒေကော်မရှင်ဥက္ကဋ္ဌတာဝန်ထမ်းဆောင်သည်။ ၁၉၈၈ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့တွင် ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။၁၉၈၈ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့တွင် ကျင်းပသော မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဗဟိုကော်မတီ (၁၁) ကြိမ်မြောက် အစည်းအဝေးတွင် ဒေါက်တာမောင်မောင်အား မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည်။

၁၉၈၈ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့တွင် ကျင်းပသော  စတုတ္ထအကြိမ်ပြည်သူ့လွှတ်တော်အရေးပေါ် အစည်းအဝေးတွင် နိုင်ငံတော်ကောင်စီဥက္ကဋ္ဌနှင့် နိုင်ငံတော်သမ္မတအဖြစ် မောင်မောင်အား ရွေးချယ်တင်မြှောက်ခဲ့ကြသည်။

လွတ်လပ်ရေးမော်ကွန်းဝင်(ဒုတိယအဆင့်)ကို ၁၉၇၅ ခုနှစ်တွင် လည်းကောင်း၊ နိုင်ငံ့ဂုဏ်ရည်ဘွဲ့(ပထမဆင့်)ကို ၁၉၈၄ ခုနှစ်တွင်လည်းကောင်း ရရှိခဲ့သည်။

ဒေါက်တာမောင်မောင်သည် ၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ဟင်္သာတမြို့နေ ပါလီမန် အမတ်ဦးသန်းတင်၊ဒေါ်ကျင်မြတို့၏ သမီးဒေါ်ခင်မြင့်နှင့်လက်ထပ်ခဲ့သည်။ သားသမီး ခုနစ်ဦးထွန်းကားခဲ့သည်။  ၁၉၉၄ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့၌ အမှတ် (၁၆)၊ မေခလမ်း၊ မရမ်းကုန်း၊ ရန်ကုန်မြို့တွင် ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ဇနီးဒေါ်ခင်မြင့်နှင့် သားသုံးဦး၊ သမီးလေးဦး၊ မြေး ၁၀ ဦး ကျန်ရစ်သည်။

ဒေါက်တာမောင်မောင်သည် မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာတို့ဖြင့် စာပေများရေးသား ပြုစုခဲ့သည်။ မြန်မာဘာသာဖြင့် ရေးသားထုတ်ဝေခဲ့သော စာအုပ်အချို့မှာ -

သွေးနီ(၁၉၄၆)၊

သက်ရှိရာဇဝင် (၁၉၅၆)၊

တို့ပြည်ထောင်စုမြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ(၁၉၅၉)၊

နိုင်ငံတော်လုပ်ကြံမှု ပြည်ထောင်စုနှင့် ဦးစော (၁၉၆၅)၊

မြန်မာ့နိုင်ငံရေးခရီးနှင့် ဗိုလ်ချုပ်ကြီးနေဝင်း(၁၉၆၉)၊

သားမောင်စစ်သည်သို့(၁၉၇၂)၊

တရားဥပဒေအထွေထွေ ဗဟုသုတ(၁၉၇၄)

ပြည်သူ့ဝန်ထမ်း သားသမီးများသို့(၁၉၈၇) စာအုပ်တို့ဖြစ်သည်။

ထိုစာအုပ်များအနက် မြန်မာ့နိုင်ငံရေးခရီးနှင့် ဗိုလ်ချုပ်ကြီး နေဝင်း(၁၉၆၉)စာအုပ်သည် ၁၉၆၉ ခုနှစ်၊ အမျိုးသားစာပေဆု (နိုင်ငံရေးစာပေ) ရရှိသည်။

အင်္ဂလိပ်ဘာသာဖြင့်ရေးသား ထုတ်ဝေ ခဲ့သောစာအုပ်အချို့မှာ -

The Forgotten Amrmy (1946).

Burma's Teething Time(1949).

London Diary (1952).

Grim War Against KMT (1953).

Burma in the Family of Nations (1956).

Burma's Constitution(1959).

A Trail in Burma (1960).

Aung San of Burma (1961).

Law and Custom in Burma and the Burmese Family (1961).

Burma and General Ne Win(1969).

To A Soldier Son (1972)

Note on A Book of English Verse for Matriculation Students. စာအုပ်တို့ဖြစ်သည်။