ဒေါက်တာ သိန်းလှိုင် (သို့) နာဂသိန်းလှိုင် ကွယ်လွန်

Listing Description

နာဂသိန်းလှိုင်ဟု ကျော်ကြားခဲ့သော ဆရာဝန်ကြီး ဒေါက် တာ သိန်းလှိုင် မှာ ယနေ့ (သြဂုတ် ၁၀ ရက်) နံနက် ၉ နာရီ ၁၀ မိနစ်ခန့်တွင် ကွယ်လွန်သွားကြောင်း ၎င်း၏ သားဖြစ်သူက လူမှုကွန်ရက်စာမျက်နှာမှ တဆင့် အသိ ပေး ရေးသားထားသည်။

ဒေါက်တာ သိန်းလှိုင်ကို မွန်ပြည်နယ် သထုံမြို့တွင် ၁၉၃၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်တွင် မွေးဖွားခဲ့ပြီး တရုတ်ကပြား တဦးဖြစ်ကာ ၎င်း ကွယ်လွန်ချိန်တွင် ၈၈ နှစ် ရှိပြီ ဖြစ်သည်။

ဒေါက်တာ သိန်းလှိုင်သည် ၁၉၅၇ ခုနှစ် ဆေးကောလိပ် ကျောင်းသားများ သမဂ္ဂ၏ အထွေထွေ အတွင်းရေးမှူး တာဝန်ကို ထမ်းဆောင်ခဲ့ပြီး ၁၉၆၀ တွင် မြန်မာနိုင်ငံလူငယ်ဆရာဝန်များအသင်း (YDA) ကို တည်ထောင်ကာ အထွေထွေ အတွင်းရေးမှူးတာဝန် ထမ်းဆောင်ရင်း အလုပ်သင် ဆရာဝန်ဘဝတွင် အစိုးရ ထောက်ပံ့ကြေး မရသည့် အလုပ်သင်ဆရာဝန်များအတွက် ဦးဆောင် သပိတ်မှောက်ခဲ့သူတဦးလည်း ဖြစ်သည်။

ထို့နောက် ဒေါက်တာ သိန်းလှိုင်သည် မြန်မာနိုင်ငံ ကုန် သွယ်ရေကြောင်းဌာနတွင် သင်္ဘောဆရာဝန်အဖြစ် တနှစ်လုပ်ကိုင်ခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် မြိတ်မြို့နယ် လက် ထောက် ဆရာဝန်အဖြစ် ပြန်လည် ဝင်ရောက်ခဲ့ပြီး ရန်ကုန် ဆေးရုံကြီးအဆောင် (၃/၄)၏ တာဝန်ခံဆရာဝန်၊ ဆရာကြီး ပါမောက္ခ ဒေါက်တာ ဦးဘသန်း၏ ပထမ လက်ထောက်၊ မန္တလေး ပြည်သူ့ဆေးရုံကြီး၊ အရှေ့ဘက် ခွဲစိတ်ဆောင် ကြီးကြပ်သူ စသဖြင့် တနှစ်စီ ဆောင်ရွက်ခဲ့သည်။

၁၉၆၅ ခုနှစ်တွင် ကျန်းမာရေးဦးစီးဌာန ညွှန်ချုပ်က အပြစ်ပေးသည့်အနေဖြင့် ဒေါက်တာသိန်းလှိုင်ကို ဝေးလံခေါင်ဖျားသည့် စစ်ကိုင်းတိုင်း၊ ခန္တီးသို့ ပို့ဆောင်ခြင်းခံခဲ့ရသည်။

နာဂတောင်တန်းတွင် အခက်အခဲပေါင်းများစွာနှင့် ရင် ဆိုင်ခဲ့ရသော်လည်း ဆရာကြီး၏ ကြိုးစားအားထုတ်မှုနှင့် စေတနာများကြောင့် (ဆရာဝန်ကြီး) နာဂသိန်းလှိုင်ဟူ၍ အမည်ကျော်ကြားလာခဲ့သည်။

ထိုစဉ်က လူဦးရေ ၇၀ ရာခိုင်နှုန်းခန့် လည်ပင်းကြီး ရော ဂါ ဖြစ်ပွားနေသည့် နာဂတောင်တန်းတွင် လည်ပင်းကြီး ရောဂါအပြင် အဖုအကျိတ်များကိုပါ ခွဲစိတ်နိုင်ရန်အတွက် လုံလောက်သည့် ဆေးဝါး၊ ကိရိယာများ မရှိသော်လည်း အပင်ပန်းခံ၍ ဝါးဖြင့် အပ်နှင့် ချည်မျှင်များ ကြံဆဖန်တီးကာ ကုသမှုများ ပြုလုပ်ပေးခဲ့သလို မေ့ ဆေးမရှိ၍ ထုံဆေးဖြင့်သာ လူနာများကို အောင်မြင်စွာ ခွဲစိတ်ကုသနိုင်သူလည်း ဖြစ်သည်။

ဆရာကြီးသည် နာဂရိုးရာဝတ်စုံကို ဝတ်ဆင်လျက် ဒေသ ခံများနှင့် တသားတည်း နေထိုင်သွားလာအိပ်စက်ကာ ဆေးကုသမှုများကို လိုက်လံ လုပ်ဆောင်ပေးခဲ့သည့် အတွက် နာဂ တိုင်းရင်းသားများ၏ ယုံကြည်လေးစားမှုကို ရရှိခဲ့ပြီး ၎င်းအား နတ်တပါးပမာ ယုံကြည်ကိုးစားခံခဲ့ရသူ ဖြစ်သည်။

ဒေါက်တာ သိန်းလှိုင်သည် ချင်းတောင်တန်း ဒေသတွင် တာဝန်ထမ်းဆောင်ရင်း နာဂ သိန်းလှိုင် ဟု ကျော်ကြားသည့်အပြင် နတ်ဆရာဝန်၊ နာဂနတ် စသည့် နာမည်များအပြင် ဖြူးမှ ပုသိမ်မြို့ပြောင်းရွှေ့ တာဝန်ထမ်းဆောင်စဉ် ကျောင်းကုန်းဆေးရုံ၌ လူနာများကို မနားမနေ ခွဲစိတ်ကုသမှုများ လုပ်နေသဖြင့် " ရွှေဓားဗိုလ်" ဟူသည့် နာမည်လည်း တွင်ခဲ့သေးသည်။

ဆရာကြီးသည် ၁၉၇၁ ခုနှစ်တွင် နာဂတောင်တန်းမှ တာဝန်ပြီးဆုံး၍ ဖြူးမြို့နယ်သို့ ဆေးရုံမှူးအဖြစ် ပြောင်းရွှေ့ခဲ့သည်။ ထို့နောက် ကျန်းမာရေးဦးစီးဌာန၊ ဒုညွှန်ကြားရေးမှူးရာထူးဖြင့် ပုသိမ်မြို့သို့လည်းကောင်း၊ မြို့နယ်ဆရာဝန်ကြီး (၁)အဖြစ် နမ့်ခမ်းမြို့သို့လည်းကောင်း၊ မီးရထား ဆရာဝန်ကြီးအဖြစ် မန္တလေးမြို့သို့ လည်းကောင်း၊ မြို့နယ်ဆရာဝန်ကြီးအဖြစ် သာယာဝတီမြို့သို့လည်းကောင်း ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ရပြီး ၁၉၈၈ ခုနှစ်တွင် အစိုးရ ဝန်ထမ်းဘဝမှ အငြိမ်းစား ယူခဲ့သည်။

စာရေးဆရာ ညီပုလေး၏ "ထက်မြက်တဲ့ ဓားသွားပေါ်က ချိုမြမြပျားရည်စက်" စာရေးဆရာ လင်္ကာရည်ကျော် ရေးသားသည့် " ကြိုးကြာ တောင်ပံခတ်သံ" ၊ စသည့် စာအုပ်များမှာ ချင်းတောင်တန်းပေါ်တွင် နှစ်များစွာ တာဝန်ထမ်းဆောင်ခဲ့ရသည့် ဒေါက်တာ သိန်းလှိုင်အကြောင်းကို ရေးသားထားသည့် စာအုပ်များ ဖြစ်ပြီး ၂ အုပ်စလုံး အမျိုးသား စာပေဆု ရရှိခဲ့သည့် စာအုပ်များ ဖြစ်သည်။

ထို့ပြင် နာဂ သိန်းလှိုင်အကြောင်း ရေးသားထားသည့် လင်္ကာရည်ကျော် ၏ ကြိုးကြာ တောင်ပံခတ်သံ" ဝတ္ထုကို ၂၀၁၄ ခုနှစ်မှ စ၍ တတိယနှစ် မြန်မာစာ အထူးပြု မော်ကျူး ၁ သင်ရိုးအတွက် ပြဋ္ဌာန်းထားသည်။

၂၀၂၀ ဇန်နဝါရီလ ၁၅ ရက်တွင် နာဂဦးစီးအဖွဲ့က နာဂသိန်းလှိုင်အား လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော နာဂတောင်တန်းဒေသတွင် ကိုယ်ကျိုးစွန့် အနစ်နာခံကာ စွမ်းစွမ်းတမံ တာဝန် ထမ်းဆောင်ခဲ့သည့်အတွက် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့သေးသည်။

သြဂုတ်လ ၉ ရက်တွင်လည်း မော်ဒန် ကဗျာဆရာကြီး အောင်ချိမ့်၊ "ဘယ်ပန်းချီရေးလို့ မမီ" အဆိုတော်ကြီး ဖြစ်သည့် တက္ကသိုလ် အေးမောင် (၇၂ နှစ်)၊ စာရေး ဆရာ ဆင်တဲဝ မြတ်ဖုန်း၊ မန္တလေး လူထုကြီး ပွားရေး စာအုပ်တိုက် အယ်ဒီတာဖြစ်သူ စာရေးဆရာ ညီစေမင်း တို့ ကွယ်လွန်ခဲ့သည်။