ဗိုလ်မှူးကြီးဗထူး (၁၉၁၆ - ၁၉၄၅)

Listing Description

၁၉၁၆ ခုနှစ်တွင် အဖ ရွာသူကြီး ဦးဘထွန်းနှင့် အမိ ဒေါ်စိန်မြရင်တို့မှ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် အပိုင် လေသွန်းခံရွာ၌ မွေးဖွားခဲ့သည်။  

ငယ်စဉ်က ထားဝယ်မြို့ အစိုးရ အထက်တန်းကျောင်းတွင် သတ္တမတန်း အထိ ပညာသင်ကြား ခဲ့ပြီးနောက် အဋ္ဌမတန်းသို့ ရောက်သောအခါ အလုပ် လုပ်လိုသဖြင့် ကျောင်းမှ ထွက်ခဲ့သည်။ မိဘများနှင့် မိတ်ဆွေ သူငယ်ချင်းများက ကျောင်းဆက်နေရန် ဖျောင်းဖျသော်လည်း မရ၍ လက်လျှော့ခဲ့ရ၏။ သူ၏ မိဘများနှင့် ခင်မင်ရင်းနှီးသည့် ဟိန်းဒါး သတ္တုတွင်း (ဟိန်းဒါးမိုင်း) မှ အိုဗာစီယာချုပ် ဦးလွန်းပင်၏ အကူအညီဖြင့် ဟိန်းဒါးမိုင်းတွင် အလုပ်ရခဲ့သည်။ ဟိန်းဒါးမိုင်း အိုဗာဆီယာချုပ် ဦးလွန်းပင်နှင့် ဒေါ်စိန်ချယ်တို့၏ သမီး မအုန်းတင်နှင့် ထိမ်းမြား လက်ထပ်ခဲ့ပြီး သားသမီး သုံးယောက် ထွန်းကားခဲ့သည်။

ဗမာ့ လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) သည် ဂျပန်တပ်များနှင့် အတူ မြန်မာနိုင်ငံတွင်းသို့ စတင်ဝင်ရောက် လာကာ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လက်ျာ ဦးစီးသော တပ်မကြီးလည်း ထားဝယ်မြို့ကို သိမ်းပိုက်လိုက်သော အချိန်တွင် ဗမာ့ လွတ်လပ်ရေး တပ်မတော်သို့ ဝင်ခဲ့သည်။ တပ်သား ၁၅ ယောက်ကို အုပ်ချုပ်ရသော တပ်ကြပ်လေး ရာထူး ရသည်။

မြန်မာနိုင်ငံတွင်းမှ ဗြိတိသျှတို့ ထွက်ခွာ သွားပြီးနောက် ၁၉၄၂ ခု၊ ဇူလိုင်လ ၂၆ ရက်နေ့တွင် ဗမာ့ လွတ်လပ်ရေး တပ်မတော် ကို ဖျက်သိမ်းကာ ဗမာ့ ကာကွယ်ရေး တပ်မတော် (ဘီဒီအေ) ကို ဖွဲ့စည်းလိုက်သည်။ အသစ် ဖွဲ့စည်းသော ဗမာ့ ကာကွယ်ရေး တပ်မတော် တွင် ဗိုလ်ချုပ် အောင်ဆန်း အား ဗိုလ်မှူးကြီး ရာထူးဖြင့် စစ်သေနာပတိ ခန့်အပ်၍ ရဲဘော်သုံးကျိပ်ဝင်ဗိုလ်မှူး အောင် ၊ ဗိုလ်မှူး ရန်နိုင် ၊ ဗိုလ်မှူး ဇေယျ တို့အား တပ်ရင်များကို ဦးစီး စေပြီးလျှင် တပ်ရင်း ၃ ရင်း ဖွဲ့ခဲ့သည်။ ထိုအခါတွင် ဗိုလ်ဗထူးသည် ဗိုလ်မှူး ရန်နိုင် ဦးစီးသည့် ပျဉ်းမနားမြို့ရှိ ခြေလျင် တပ်ရင်း အမှတ် (၂) တပ်ခွဲ (၃) တွင် ဗိုလ်ကြီး ရာထူးဖြင့် တပ်ခွဲမှူး အဖြစ် တာဝန်ပေး ခန့်အပ်ခြင်း ခံရလေသည်။

ဗမာ ကာကွယ်ရေး တပ်မတော် ကို တဖြည်းဖြည်း တိုးချဲ့ဖွဲ့စည်းခဲ့ရာ စက်မှု လက်မှု တပ်ရင်း အမှတ် (၁) ကို ပျဉ်းမနားမြို့တွင် ဖွဲ့ခဲ့သည်။ ဗိုလ်ဗထူးအား ထိုတပ်တွင် ပြောင်းရွေ့ ထမ်းဆောင်စေ၍ ၁၉၄၃ ခုနှစ် နှစ်ဦးပိုင်းလောက်တွင် ထိုတပ်မှာပင် တပ်ရင်းမှူး အဖြစ် တာဝန် ပေးအပ်ခြင်း ခံရပြီးလျှင် ဗိုလ်မှူး အဆင့်အတန်းသို့လည်း တိုးတက် ခန့်ထားခြင်း ခံရသည်။ ကသာနယ်၊ အင်းတော်နယ် တဝိုက် ဗြိတိသျှ လေထီး တပ်သားများ လှုပ်ရှားမှု ရှိသောအခါနှင့် အင်ဖား ချီတက်ရန် လမ်းပန်း အဆက်အသွယ်များ လိုအပ်သော အချိန်တွင် ဗိုလ်မှူး ဗထူး၏ စက်မှု လက်မှု တပ်ရင်း အမှတ် (၁) သည် လမ်းပန်း ဖောက်လုပ်ရန်နှင့် လေထီးတပ်များနှင့် ရင်ဆိုင်ရန် မြောက်ပိုင်း စစ်မြေပြင်သို့ ထွက်လာရသည်။ အနေအထိုင် အစားအသောက် ဆင်းရဲခြင်း၊ ဆေးဝါး ရိက္ခာ ညံ့ဖျင်းခြင်း တို့ကြောင့် ရဲဘော်များ အဖျားအနာ ဖြစ်ပွား၍ ဒုက္ခအမျိုးမျိုးနှင့် ရင်ဆိုင် ကြရလေသည်။ ဗိုလ်မှူး ဗထူး ကိုယ်တိုင်လည်း ငှက်ဖျားရောဂါ စွဲကပ်ခဲ့လေသည်။ ဆက်သွယ်ရေး မရရှိမှုတို့ကြောင့် ၁၉၄၃ ခု၊ ဩဂုတ်လ ၁ ရက်နေ့တွင် ဂျပန်က မြန်မာနိုင်ငံအား လွတ်လပ်ရေး ပေးလိုက်သည် ကိုပင် ဗိုလ်မှူး ဗထူးတို့ မသိလိုက်ဟု ဆိုသည်။

၁၉၄၄ ခုနှစ်တွင် ဗမာ့ တပ်မတော် (လွတ်လပ်ရေး ရပြီးနောက် ဗမာ့ ကာကွယ်ရေး တပ်မတော်ကို ပြောင်းထားသော အမည်) ကို စစ်တိုင်းများ ခွဲခြား သက်မှတ်ကာ အုပ်ချုပ်သည်။ ထိုနှစ် မေလ ၅ ရက်နေ့တွင် ဗိုလ်မှူး ဗထူးအား တိုင်းမှူးအဖြစ် ခန့်အပ်ပြီးလျှင် မန္တလေးသို့ ရွှေ့ပြောင်းပေးသည်။ မန္တလေးတိုင်း စစ်နယ်သည် တောင်ဘက်တွင် ပျဉ်းမနား အထိ၊ မြောက်ဘက်တွင် တမူး - ကလေးဝ နယ်အထိ ကျယ်သည်။ တိုင်းအတွင်းတွင် ခြေလျင်တပ်ရင်း အမှတ် ၁၊ ၃၊ ၄ နှင့် ၅၊ စက်မှု လက်မှု တပ်ရင်း (၁)၊ အမြောက်တပ်နှင့် စက်သေနတ်ကြီး တပ်များ ရှိသည်။ ဗိုလ်မှူး ဗထူးသည် မန္တလေး စစ်တိုင်းမှူး အဖြစ် အဆက်ပြတ်နေသာ တပ်ရင်းများသို့ ရိက္ခာ၊ ဆေးဝါးများ ပို့ပေး၏။ အထူးသဖြင့် ဂျပန် တော်လှန်ရေး အတွက် ဦးစားပေးကာ စီစဉ်လေသည်။

၁၉၄၅ ခုနှစ်၊ ဇန်နဝါရီလ အတွင်းတွင် ဂျပန်ကို တော်လှန်ရန် ရန်ကုန်မြို့၌ လျှို့ဝှက်စွာ ကျင်းပသော ဆွေးနွေးပွဲသို့ ဗိုလ်ချုပ် အောင်ဆန်း နှင့် တော်လှန်ရေး ကော်မတီ အဖွဲ့ဝင်တို့နှင့် အတူ ဗိုလ်မှူး ဗထူး တက်ရောက်ခဲ့သည်။

၁၉၄၅ ခု နှစ်ဦးပိုင်းတွင် မဟာမိတ် တပ်တို့သည် မြန်မာနိုင်ငံ မြောက်ပိုင်းသို့ ဝင်ရောက်ကာ မန္တလေးမြို့သို့ ဦးတည် ချီတက်ကြသည်။ ဗိုလ်မှူး ဗထူးသည် နိုင်ငံရေး စည်းရုံးမှု၊ စစ်ရေး အခွင့်အရေးသာမှု တို့ကို ရှေးရှု၍ မိမိလက်အောက်ရှိ စစ်ကိုင်း၊ မန္တလေး၊ သီပေါမှ တပ်များဖြင့် ၁၉၄၅ ခု၊ မတ်လ ၈ ရက်နေ့တွင် ဂျပန်အား စတင် တော်လှန် တိုက်ခိုက်သည်။ ထိုအချိန်တွင် အောက်မြန်မာနိုင်ငံရှိ ဗမာ့ တပ်မတော်သည် ဂျပန်ကို တော်လှန်ရန် အသေးစိတ် စီစဉ်ချက်များ မပြီးပြတ် သေးသည်ကို ဗိုလ်မှူး ဗထူး သိသဖြင့် သူ၏ တပ်များ တော်လှန်မှု အတွက် ကျန်တပ်များ ဒုက္ခတွေ့မည်ကို သိရှိသောကြောင့် ဂျပန်ကို တော်လှန် တိုက်ခိုက်ရေး အတွက် ကြေညာချက်တွင် ဒေါက်တာ ဘမော်နှင့် လည်းကောင်း၊ ဗိုလ်ချုပ် အောင်ဆန်းနှင့် လည်းကောင်း အဆက်အသွယ် ဖြတ်ကာ မိမိ၏ တပ်ကို ဗမာ့ တော်လှန်ရေး အဖွဲ့ကြီးနှင့် ပူးတွဲ ဆောင်ရွက်လျက် ရှိကြောင်း ဖော်ပြ ကြေညာ ထားလေသည်။ သို့ရာတွင် ဗိုလ်ချုပ် အောင်ဆန်း နှင့်ကား နားလည်မှု ရထားပြီး ဖြစ်သည်။ ထိုသို့ ပရိယာယ်ဖြင့် ကြေညာချက်ကြောင့်လည်း အောက်မြန်မာနိုင်ငံရှိ တပ်အသီးသီးသည် ၁၉၄၅ ခု၊ မတ်လ ၂၇ ရက်နေ့တွင် ဂျပန် တော်လှန်ရန် အစီအစဉ်များကို အောင်မြင်စွာ ဆက်လက် လုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။

တော်လှန်ရေး စချိန်တွင် ဗိုလ်မှူး ဗထူးနှင့် အနီးကပ်ဆုံး တပ်များမှာ မုံရွာ၊ စစ်ကိုင်းနယ်ရှိ ဗိုလ်သိန်းဦး၏ လေယာဉ်ပျံပစ် အမြောက်တပ်ခွဲ၊ မန္တလေးမြို့ရှိ ဗိုလ်အာဠာဝက၏ လေယာဉ်ပျံပစ် အမြောက်တပ်ခွဲနှင့် မြစ်ငယ် ဒေသရှိ ဗိုလ်ရဲခေါင်၏ လေယာဉ်ပျံပစ် အမြောက်တပ်ခွဲတို့ ဖြစ်သည်။ အမှန်လက်တွေ့ တိုက်ခိုက်သူ ၁၅ဝ ခန့်နှင့် တော်လှန်ရေး အင်အားစုမှာ ရှစ်ထောင်ကျော် ရှိသည်။

မန္တလေးမြို့နှင့် မန္တလေးနယ်အတွင်း မဟာမိတ်များ မရောက်မီ ဗိုလ်မှူး ဗထူး တပ်များသည် ဂျပန်များကို ရှင်းလင်း ထားနိုင်ခဲ့သည်။ ဖွဲ့စည်းထားသော ပြည့်သူ့ ပြောက်ကျားတပ်များ အကူအညီဖြင့် မဟာမိတ် တပ်များလည်း အောင်မြင်စွာ ချီတက်၍ ဂျပန်တပ်များကို ချေမှုန်း နိုင်ခဲ့သည်။ မေမြို့(ပြင်ဦးလွင်)ကို မဟာမိတ်များ သိမ်းပိုက်ရာတွင် ဗမာမျိုးချစ် ပြောက်ကျားများ၏ အကူအညီဖြင့် သိမ်းဆည်းနိုင်ခဲ့ကြောင်း မဟာမိတ်တို့၏ သတင်း ထုတ်ပြန်ချက်များတွင် ဖော်ပြထားသာည်ကို တွေ့ရသည်။ ဗိုလ်မှူး ဗထူး၏ ထူးချွန်စွာ ဆောင်ရွက်မှုတို့ကြောင့် ၁၉၄၅ ခု၊ မေလ ၁ ရက်နေ့စွဲပါ ပြည်သူ့ လွတ်လပ်ရေး တပ်မတော် (ဗမာ မျိုးချစ် တပ်မတော်) အမိန့်ဖြင့် ဗိုလ်မှူး အဆင့်မှ ဗိုလ်မှူးကြီး အဆင့်သို့ ၂ ဆင့် တိုးတက် ပေးလိုက်လေသည်။ ထိုအမိန့်ကို ဗိုလ်ချုပ် အောင်ဆန်း ကိုယ်တိုင် လက်မှတ် ရေးထိုး၍ “မန္တလေးနယ်တိုင်း တပ်မှူး ဗိုလ်မှူး ဗထူးအား သူရသတ္တိရှိခြင်း၊ ထူးခြားစွာ ခေါင်းဆောင်နိုင်ခြင်း တို့အတွက် ဗိုလ်မှူး အဆင့်အတန်းမှ ဗိုလ်မှူးကြီး အဆင့်အတန်းသို့ ၂ ဆင့် တိုးပေးလိုက်သည်” ဟု ဖော်ပြ ထားလေသည်။

မန္တလေးမြို့ကို မဟာမိတ်တို့ ပြန်လည် သိမ်းပိုက်ပြီးသည့်နောက် ဗိုလ်မှူးကြီး ဗထူးသည် ကျောက်ဆည်မှ တဆင့် ရှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့သို့ ရောက်ခဲ့သည်။ ထိုအချိန်သည် မိုးဥတုလည်း ဖြစ်၍ ရာသီဥတုမှာလည်း ကြမ်းလှသဖြင့် ခရီးပန်း၊ လူပန်း ဖြစ်ခဲ့ရသော ဗိုလ်မှူးကြီး ဗထူးနှင့်တကွ ရဲဘော်တို့သည် ကျန်းမာရေး ချို့တဲ့၍ ဖျားနာခြင်းများ ဖြစ်ကုန်၏။ ဗိုလ်မှူးကြီး ဗထူးသည်လည်း အင်းတော်၊ ကလေးဝ စစ်ကြောင်း၌ တိုက်ပွဲဝင်ရင်း စွဲကပ်ခဲ့သော ငှက်ဖျားရောဂါ ပြန်ပေါ် လာတော့သည်။ ရှိသမျှ ဆေးဝါးတို့ဖြင့် အစွမ်းကုန် ကုစား ငြားသော်လည်း နာလန် မထူတော့ဘဲ ဗိုလ်မှူးကြီး ဗထူးသည် ၁၉၄၅ ခု၊ ဇွန်လ ၂ ရက်နေ့ ညဉ့် ၈ နာရီ ၁ဝ မိနစ် ရှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့နယ်၊ မြင်းကြာဒိုးရွာအနီး ‘တယ်လူးစခန်း’ ၌ အသက်(၂၉)နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။ တောကြို အုံကြား စစ်မျက်နှာတို့၌သာ အချိန် ကုန်ခဲ့ရသော ဗိုလ်မှူးကြီး ဗထူးသည် ကွယ်ချိန်အထိ သူ့အား ဗိုလ်မှူးကြီး အဆင့်သို့ တိုးမြှင့် ဂုဏ်ပြုသော ဗိုလ်ချုပ်အောင်ဆန်း ၏ အမိန့်စာကို မဖတ်လိုက်ရချေ။ ဗိုလ်မှူးကြီးဗထူးကျဆုံးပြီး ၁၃ ရက်အကြာတွင် ဗိုလ်မှူးကြီးဗထူးနှင့် အထက်မြန်မာပြည်တိုက်ပွဲများတွင် ကျဆုံးခဲ့သော ရဲဘော်များ အတွက် အထိမ်းအမှတ်ကျောက်တိုင်ကို အောင်ပန်းမြို့တွင် စိုက်ထူခဲ့ပြီး ရွာငံမြို့နယ် တယ်လူးရွာတွင်လည်း ဗိုလ်မှူးကြီး ဗထူး အထိမ်းအမှတ် ကျောက်တိုင် စိုက်ထူခဲ့သည်။

၁၉၅၅ ခုနှစ် ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့တွင် ဗိုလ်မှူးကြီး ဗထူးအား ချီးကျူးဂုဏ်ပြုသော အားဖြင့် တပ်မတော်မှလည်း “ဗထူးတပ်မြို့” ဟူသော အမည်ဖြင့် တပ်စခန်းမြို့ တစ်ခုကို ရပ်စောက်မြို့ မြောက်ဘက် တစ်မိုင်ခန့် အကွာတွင် တည်ထားသည်။ အလားတူ မန္တလေးမြို့ရှိ ယူဘီအေအေ (Upper Burma Athletics Association) အားကစားကွင်းကိုလည်း ဗထူးကွင်းဟု အမည်တွင်စေခဲ့သည်။ အောင်ပန်းမြို့ အထိမ်းအမှတ်ကျောက်တိုင်မှာမူ ၂၀၁၉ ခုနှစ်တွင် လမ်းချဲ့ရာ၌ မလွတ်သဖြင့် ဖြိုချခဲ့သည်။