ဗဟိုအမျိုးသမီးဆေးရုံကြီး (ယခင် ဒပ်ဖရင်ဆေးရုံ)သည် ကုတင် (၈၀၀) ဆံ့ ဆေးရုံဖြစ်ပြီး ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းတွင် တည်ရှိသည်။ ဗဟိုအမျိုးသမီးဆေးရုံကြီး၏ (D) အဆောင်ကို အိန္ဒိယဘုရင်ခံချုပ် လော့ဒပ်ဖရင်၏ ကြင်ယာတော် လေဒီဒပ်ဖရင်၏ ရံပုံငွေဖြင့် မတည်တည်ထောင်ခဲ့ပြီး ၁၈၉၇ ခုနှစ်တွင် လေဒီဒပ်ဖရင်ကိုယ်စား မြန်မာနိုင်ငံ ဒုတိယဘုရင်ခံ၏ဇနီး လေဒီဖရိုင်ရာမှ အုတ်မြစ်ချပေးခဲ့သည်။ ယင်းနောက် ၁၈၉၈ခုနှစ်တွင် ဒပ်ဖရင်ဆေးရုံအဖြစ် စတင် အသုံးပြုခဲ့ကာ ၁၉၂၇ ခုနှစ်တွင် (A) ဆောင်၊ ၁၉၂၉ ခုနှစ်တွင် (B) ဆောင်နှင့် (C) ဆောင်တို့ကို ထပ်မံတိုးချဲ့ တည်ဆောက်ခဲ့သည်။ ဒေါက်တာ ဒေါ်စောဆ၊ ဒေါက်တာ ဒေါ်ရင်မေ စသည့် မြန်မာ့ရှေ့ဆောင် အမျိုးသမီးဆရာဝန်ကြီးများ အစဉ်အဆက်ဦးစီးခဲ့သည်။ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT) မှ ၂၀၁၉ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ဗဟိုအမျိုးသမီးဆေးရုံကြီး၏ အစောဆုံးတည်ဆောက်ခဲ့သော (D) အဆောင်၌ ၂၉ ခုမြောက် မြို့ပြအမွေအနှစ် အထိမ်းအမှတ် အပြာရောင်ကမ္ဗည်းပြား တပ်ဆင်ခဲ့ပါသည်။