အိမ်မဲဒေါင်းပြာ

Listing Description

ငယ်နာမည် မောင်အုန်းကြည် ဖြစ်ပြီး မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ထန်းလေးပင်ရွာ၌ ၁၂၈၄ ခုတွင် ဖွားမြင်သည်။ အိမ်မဲမြို့ အင်္ဂလိပ်−မြန်မာ နေရှင်နယ်ကျောင်းနှင့် မြောင်းမြမြို့၊ အစိုးရအထက်တန်းကျောင်းတို့တွင် ပညာသင်ယူခဲ့သည်။  ဖက်ဆစ်ဂျပန်တော်လှန်ရေးကာလတွင် ခရမ်းမြို့နယ် တော်လှန်ရေးခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သည်။ ကန္နီစာချုပ်အရ ဗမာ့တပ်မတော်ကို ပြန်လည်ဖွဲ့စည်းသောအခါ ဗမာ့လက်နက်ကိုင်တပ်ရင်း(၃) ၌ ဆက်လက်တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၄၆ ခုနှစ်တွင် ဒေါ်သန်းမြ နှင့် လက်ထပ်ခဲ့သည်။

၁၉၄၉ ခုနှစ်တွင် အရာရှိအဆင့်သို့ တိုးမြှင့်ခြင်း ခံရသည်။ တပ်မတော်တွင် ဗိုလ်မှူးကြီးအဆင့်အထိ အမှုထမ်းခဲ့ရာ ဒု−တိုင်းမှူး၊ တပ်မဟာမှူး၊ ခေတ္တတိုင်းမှူး စသဖြင့် ဆောင်ရွက်ခဲ့သည်။

၁၉၄၇ ခုနှစ်တွင် ဘာသာပြန်အလုပ်ကို စတင်လုပ်ဆောင်သည်။ မြစ်ဝကျွန်းပေါ်သား မောင်ဗေဒါ အမည်ဖြင့် မဂ္ဂဇင်းတိုက်များသို့ စာမူပေးပို့သည်။ အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ရန် မြန်မာများ၏ စွန့်စားဆောင်ရွက်ချက်များကို ဇာတ်လမ်းတည် ရေးသားခဲ့သည်။ အထူးသဖြင့် လက်နက်ကိုင်တော်လှန်သည့် မင်းလောင်းမင်းသန့် ဗန္ဓက၊ ဗိုလ်စံဖဲ ဆိုသူတို့အကြောင်းကို ရေးသားကာ မျိုးချစ်စိတ်နိုးကြားစေရန် လှုံ့ဆော်ပေးခဲ့သည်။

တော်လှန်ရေးကောင်စီလက်ထက်တွင် ဝန်ကြီးချုပ်ရုံး ဝန်ကြီး၊ ဒေသအုပ်ချုပ်ရေးဌာန၌ ဒု−နယ်ခြားဒေသ အုပ်ချုပ်ရေးအရာရှိ နှင့် တွဲဖက်အတွင်းဝန် တာဝန်၊ ထို့နောက်တွင် မြန်မာနိုင်ငံရဲချုပ်၊ ပြည်ထဲရေးဝန်ကြီးဌာနတွင် ဒု−ဝန်ကြီး စသဖြင့် အမှုထမ်းခဲ့သည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တွင် အိမ်မဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရကာ မြန်မာနိုင်ငံ မော်ကွန်းစိစစ်ရေး ဗဟိုကော်မတီဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံရသည်။ ၎င်းနောက်တွင် နိုင်ငံတော်ကောင်စီဝင်အဖြစ် တာဝန်ပေးခြင်း ခံရသည်။

တပ်မတော်မှ အငြိမ်းစားယူပြီးနောက် ဝါသနာရင်းဖြစ်သော စာပေရေးသားခြင်းကို အာရုံစိုက်နိုင်လာသည်။ အထူးသဖြင့် ကုန်းဘောင်ခေတ်နှောင်းပိုင်း နယ်ချဲ့တို့၏ ကျူးကျော်ခံရမှု အစုစုတို့ကို ပြည်တွင်းပြည်ပကျမ်းစုံအား ကိုးကား၍ နောင်လာနောက်သားတို့ မျိုးချစ်စိတ်အမွေ ရစေရန်အလို့ငှာ ကြိုးစားပြုစုပေးနိုင်ခဲ့သည်။

၁၉၉၀ ခုနှစ်တွင် အမျိုးသားစာပေဆု သုတပဒေသာ (ဝိဇ္ဇာပညာရပ်) ကို တို့ဘိုးဘဘွား သူရဲကောင်းများ စာအုပ်ဖြင့် ဆွတ်ခူးနိုင်ခဲ့သည်။