ရခိုင်စစ်ပွဲတွေရပ်ဖို့ လှုပ်ရှားခဲ့တဲ့ကျောင်းသား နှစ်ယောက် ထောင်တစ်နှစ်အမိန့်ချခံရ

20-Nov-2020

ရခိုင်ပြည်မှာ စစ်ပွဲတွေရပ်တန့်ဖို့ စတစ်ကာကမ်ပိန်းတွေလုပ်ခဲ့တဲ့ ပြည်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဒု-ဥက္ကဌ ကိုကျော်ရဲသူနဲ့ ဗကသများအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ကိုထက်အောင်တို့ကို ပေါင်းတည်မြို့နယ် တရားရုံးက နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) နဲ့ နိုဝင်ဘာ ၁၈ ရက် မနေ့က မနက် ၉ နာရီခွဲလောက်မှာ ထောင်ဒဏ်တစ်နှစ် အမိန့်ချခဲ့တယ်လို့ မိသားစုဝင်တွေနဲ့ ဝန်းရံသူတွေက ပြောပါတယ်။

အရင်ရုံးချိန်းတွေတုန်းက မနက် ၁၀ နာရီလောက်မှ စတင်စစ်ဆေးတာဖြစ်ပေမဲ့ မနေ့က အမိန့်ချတဲ့ အချိန်က ၉ နာရီခွဲလောက်ဖြစ်တာကြောင့် မိသားစုဝင်တွေနဲ့တောင် မတွေ့လိုက်ရဘူးလို့ ကိုကျော်ရဲသူရဲ့  ဦးလေးတော်စပ်သူ ဖြူစင်အလင်းရောင်ပညာဒါနက အရှင်ဩဘာသက မိန့်ပါတယ်။

"ဦးဇင်းတို့က အရင်သွားနေကြအချိန်ထက် ပိုစောသွားတယ်။ သူတို့ဘက်က ပိုပြီးစောစောလုပ်တဲ့ သဘော သက်ရောက်တယ်။ တွေ့ခွင့်မရဘူး။ ကလေးတွေ ကားပေါ်က ဆင်းလည်းဆင်းရော ရဲတွေက ထောင်ပေါက်ဝ ထဲ အတင်းထိုးသွင်းတယ်။ ဦးဇင်းတို့က တရားရုံးကနေ ပြေးပြီးထောင်ကိုလိုက်ရတာ၊ မိသားစုနဲ့တွေ့ခွင့် မရဘူး။"

မိသားစုတွေ၊ ရှေ့နေတွေနဲ့ ဝန်းရံသူတွေ တရားရုံးကိုရောက်သွားချိန်မှာ ကျောင်းသား နှစ်ယောက်ကို အမိန့်ချပြီးလို့ ပေါင်းတည်ထောင်ကို ပို့နေပြီဖြစ်တာကြောင့် ချမှတ်ခံရတဲ့ ထောင်ဒဏ်နှစ်ကိုသိရဖို့ အနောက်ကနေ ဆိုင်ကယ်နဲ့ လိုက်မေးခဲ့ကြရတယ်လို့ ကျောင်းသားတွေနဲ့အတူ ဝန်းရံပေးတဲ့ ကိုပိုင်က ပြောပါတယ်။

"မနေ့က ကျနော်ရောက်သွားတဲ့အချိန်မှာ ထောင်ကနေ ကားကမောင်းထွက်သွားတယ်။ ၃၀ ဝန်းကျင်လောက် ရှိမယ် ရဲတွေက။ နောက်ကနေ ဆိုင်ကယ်နဲ့မောင်းလိုက်သွားတော့ ရဲကားက တရားရုံးထဲဝင်သွားတယ်။ အထဲမှာ ငါးမိနစ်လောက်ပဲကြာတယ်၊ ချက်ချင်းအမိန့်ချပြီး အချုပ်ကားထဲ ထည့်မောင်းထွက်သွားတော့ ကျနော်ကလည်း ဘာမှန်းမသိတာနဲ့ နောက်ကနေပြေးလိုက်ပြီးတော့ မေးကြည့်တော့ တစ်နှစ်လား၊ နှစ်နှစ်လား၊ ဆယ်နှစ်လား မသဲကွဲဘူးကြားရတာက။ ထောင်ရှေ့လိုက်သွားတယ်။ ထောင်ရှေ့ရောက်တော့ ကားပေါ်ကနေဆင်းတာနဲ့ ထောင်ဗူးဝထဲ အတင်းတွန်းလွှတ်တော့ လှမ်းအော်မေးလိုက်တယ်။ တစ်နှစ်တဲ့။ မိဘတွေနဲ့ တွေ့ချိန်မရလိုက်ဘူး။ မြင်လိုက်ရုံပဲရှိတယ်။ ချက်ချင်းထောင်ထဲထည့်လိုက်တယ်။"

မြို့နယ်တရားရုံးတွေရဲ့ ပုံမှန်ရုံးဖွင့်စစ်ဆေးချိန်တွေဟာ မနက် ၁၀ လောက်ဖြစ်ပြီး ကျောင်းသားတွေကို အမိန့် ချချိန်ဟာ ပုံမှန်ချိန်ထက် စောနေတဲ့အကြောင်း၊ တရားခွင်ဟာ ရာဇဝတ်ကျင့်ထုံး ၃၆၆ (၁) အရ အများပြည်သူ ကြားနာနိုင်အောင် ရှိနေရမယ်ဆိုတဲ့အချက်နဲ့ မကိုက်ညီဘူးလို့ သူတို့ရဲ့အမှုကို လိုက်လံ ဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ဖြူဖြူဝင်းက ပြောပါတယ်။

"အခါတိုင်း အမိန့်ချရင် အများပြည်သူ ကြားနာဆိုရင် တစ်ယောက်မဟုတ်တစ်ယောက် ကြားတာပေါ့။ အခုက ကျမတို့က မကြားလိုက်တော့ သေချာမသိဘူးပေါ့နော်။ အကြောင်းအရာပေါ်မှာ တရားလိုရဲ့စွဲချက်တွေ၊ အစွပ် စွဲခံရသူဘက်က ထွက်ချက်တွေ၊ သက်သေအထောက်ထားတွေ၊ ဘယ်လိုအခြေအနေတွေကြောင့် ဥပဒေအရ ငြိစွန်းတယ်ဆိုတာကို သုံးသပ်ပြီးချတဲ့ သုံးသပ်ချက်တွေ ကျမတို့ မကြားလိုက်ရဘူးပေါ့။ ပုဒ်မ ၃၆၆ (၁ဃ) အရဆိုရင် အများပြည်သူကြားနာနိုင်တဲ့နေရာမှာ အမှုကို စီရင်ရမယ်။ တရားခွင်မှာ အများပြည်သူ မကြားနာ နိုင်ရင်လည်း အများပြည်သူကြားနာဖို့ အဆင်မပြေပါဘူးဆိုတဲ့ဟာမျိုးကို အမိန့်ချပေးရမှာကို အဲလိုချပေး ထားတာလည်းမရှိဘူး။"

အခုလိုကျောင်းသားတွေကို မိသားစုနဲ့တွေ့ခွင့်မရဘဲ ချက်ချင်းအမိန့်ချ၊ ချက်ချင်းထောင်ထဲပို့တယ်ဆိုတာတွေဟာ တရားစီရင်ရေးမှာ ပွင့်လင်းမြင်သာမှုမရှိဘဲ ဖိနှိပ်သလို ဖြစ်နေပြီး လက်ရှိအစိုးရလက်ထက်မှာ မဖြစ်သင့်ဘူးလို့ အသံအဖွဲ့က မောင်ဆောင်းခက ပြောပါတယ်။

"ဒီပုံစံက အရင်စစ်အစိုးရလက်ထက်တုန်းက လုပ်နေကြပုံစံလိုဖြစ်နေတယ်။ နံပါတ်တစ်က ဒီလိုစတစ်ကာ ကပ်တာလေးကို  နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ ခ နဲ့ ပုဒ်မတပ်တယ်။ ပုဒ်မအကြီးကြီး တပ်ပြီးတော့ အရေးယူတယ်။ ဒါ ပထမပြဿနာပေါ့နော်။ နောက်အရေးယူတဲ့ တရားစီရင်တဲ့အချိန်မှာလည်း တစ်ခါထပ်ဖိနှိပ်တယ်လို့မြင်တယ်။ ဒါက အဘက်ဘက်ကနေ ဖိနှိပ်ခံနေရတယ်လို့ သုံးသပ်ပါတယ်။"

ရခိုင်ပြည်နယ်မှာ စစ်ပွဲတွေရပ်တန့်အောင် စတစ်ကာကမ်ပိန်းလုပ်တဲ့ကိစ္စဟာ အာမခံရနိုင်တဲ့ ငြိမ်းစုစီ ဥပဒေ နဲ့တောင် တရားဆွဲဖို့ မသင့်တဲ့အမှုဖြစ်ပေမဲ့ အခုလို ပြစ်ဒဏ်ကြီးကြီးမားမားချနိုင်တဲ့ နိုင်ငံတော် အကြည်ညို ပျက်မှုတွေနဲ့ တရားစွဲဆိုတာတွေက ပိုပြီးမဖြစ်သင့်ဘူးလို့ ပြောကြပါတယ်။

ရခိုင်စစ်ပွဲတွေရပ်ဖို့ တောင်းဆိုတဲ့ ပေါင်းတည်မြို့နယ်က ကျောင်းသား နှစ်ယောက် နိုင်ငံတော်အကြည်ညို ပျက်စေမှုဥပဒေနဲ့ ထောင်ဒဏ်တွေ ချမှတ်ခံရသလို ရခိုင်ပြည်နယ်စစ်ဘေးကြောင့် အရပ်သားတွေ ထိခိုက် သေဆုံးတာနဲ့ပတ်သက်ပြီး စစ်တွေမြို့မှာ စစ်တပ်ကို ဆန္ဒပြခဲ့တဲ့ ကိုဦးသန်းနိုင်၊ ကိုကျော်နိုင်ဌေး၊ ကိုမြတ်စိုးဝင်း၊ ကိုကောင်းထွန်းတို့လည်း အလားတူပုဒ်မနဲ့ပဲ တရားစွဲခံထားရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းက တပ်မတော်ကို ဝေဖန်ရေးသံချပ်ထိုးတာကြောင့် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့က ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း၊ ကိုဇေယျာလွင်တို့ကလည်း အဲဒီပုဒ်မတွေနဲ့ ထောင်ဒဏ်ချမှတ်ခံထားရတာပါ။

အခုလို ကျောင်းသားတွေပဲဖြစ်ဖြစ်၊ တက်ကြွလှုပ်ရှားသူတွေကိုပဲဖြစ်ဖြစ် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုတဲ့ သူတွေကို ဖမ်းဆီးအရေးယူနေသရွေ့  နိုင်ငံရေးအကျဉ်းသားတွေ ထပ်များလာဦးမှာပဲလို့ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေးလှုပ်ရှားဆောင်ရွက်မှုကော်မတီက မသဉ္ဇာရွှန်းလဲ့ရည်က ပြောပါတယ်။

"လက်ရှိအခြေအနေအရ ကျောင်းသားတွေဖြစ်စေ၊ ရခိုင်ကပြည်သူတွေဖြစ်စေ၊ တခြားသော တက်ကြွလှုပ်ရှား သူကိုပဲဖြစ်စေ မတရားမှုတွေရှိနေရင်တော့ သူတို့က ပြောကြဆိုကြတဲ့သူတွေကတော့ ပေါ်လာဦးမှာပေါ့နော်။ ဒီလူတွေကို ထောင်ထဲထည့်လိုက်လို့လည်း ရပ်သွားမှာမျိုးမဟုတ်ဘူး။ ရှိနေတဲ့တည်ဆဲဥပဒေတွေရဲ့ အားနည်း ချက်တွေ၊ တည်ဆဲဥပဒေတွေကနေ အဓိကလွတ်လပ်စွာ ထုတ်ဖော်ပြောဆိုတဲ့ကိစ္စရပ်တွေကို အားပေးမြှင့်တင် မှု မရှိဘူး။ ကာကွယ်မှုမရှိတဲ့အခါကျတော့ အလွယ်တကူ ကြက်ကလေး ငှက်ကလေးဖမ်းသလို ထောင်ထဲ ထည့်တဲ့ဖြစ်စဉ်တွေ များလာတာကနေသရွေ့ကတော့ နိုင်ငံရေးအကျဉ်းသားစာရင်းက တက်နေမှာပေါ့နော်။ အခုတောင် မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၆၀၀ ကျော်ရှိနေပြီ။ နောက်အစိုးရတက်လာရင် ဒါတွေကို မဖြစ်မနေလွှတ်ပေးရမယ့် အခြေအနေလို့ ကျမမြင်ပါတယ်။"

အစိုးရနဲ့ တပ်မတော်ကို ဝေဖန်ထောက်ပြတဲ့ ကျောင်းသားတွေကို နိုင်ငံတော်အကြည်ညိုပျက်စေမှုတွေနဲ့ တရားစွဲတာတွေကိုလည်း အမြန်ဆုံးရပ်တန့်ပေးဖို့နဲ့ ဖမ်းဆီခံထားရတဲ့ ကျောင်းသားတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ကိုလည်း တောင်းဆိုကြပါတယ်။

မန္တလေး၊ မုံရွာ၊ ပခုက္ကူ၊ ပြည်၊ မိတ္ထီလာ စတဲ့ဒေသအသီးသီးတို့မှာ စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် ပုဒ်မ ၅၀၅ (က)(ခ) တို့နဲ့ ထောင်ဒဏ်ကျခံနေရသူ၊ တရားရင်ဆိုင်နေရတဲ့ ဗကသ ကျောင်းသား စုစုပေါင်း ၁၅ ယောက်ရှိတယ် လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် သတင်းနဲ့ ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

Crd RFA

အကျဉ်းကျသံချပ်အဖွဲ့ဝင်တွေကို အားပေးစာပေးပို့တဲ့ လှုပ်ရှားမှု ပြုလုပ်နေ