ချင်းပြည်နယ် ရိခေါ်ဒါရ်မြို့၌ ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံဝန်ထမ်းတစ်ဦး ခေါင်းဖြတ်သတ်ခံရ

05-Nov-2020

ရိခေါ်ဒါရ်  နိုဝင်ဘာ  ၄

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံ ဝန်ထမ်းတစ်ဦး ယမန်နေ့ ညနေ ၆ နာရီခွဲအချိန်ခန့်က ခေါင်းဖြတ်သတ်ခံရကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရိခေါ်ဒါရ်နယ်မြေရဲစခန်းမှ ခေတ္တစခန်းမှူး ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ မြို့ပေါ်လှည့်ကင်း ဆောင်ရွက်နေစဉ် ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံ ဝန်ထမ်းအိမ်ယာရှေ့ ရိခေါ်ဒါရ်-ဖလမ်း ကားလမ်းပေါ်၌ အထုပ်တစ်ထုပ် ကိုင်ဆောင်၍ မြို့တွင်းဘက်သို့ လမ်းလျှောက်လာသည့် မသင်္ကာသူအမျိုးသားတစ်ဦးအား တွေ့ရှိသဖြင့် စစ်ဆေးခဲ့ရာ အထုပ် အတွင်း၌ အမျိုးသားတစ်ဦး၏ ဦးခေါင်းပြတ်အား တွေ့ရှိခဲ့ကြောင်း၊ ၎င်းအား စစ်ဆေးမေးမြန်းခဲ့ရာ ရှယ်ထန်း(ခ)ထန်းငှာ (၂၈ နှစ်)၊ အဘ ဦးကီးဟာရှယ်ဖြစ်ပြီး ရိခေါ်ဒါရ်မြို့၊ အမှတ်(၂)ရပ်ကွက်၌ ကျဘမ်းလုပ်ငန်းဖြင့် လုပ်ကိုင် နေထိုင်သူဖြစ်ကြောင်း၊ အသတ်ခံရသူမှာ ရိခေါ်ဒါရ်မြို့၊ ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ ဝန်ထမ်း ဦးကပ်လှေပြောင် (၄၃ နှစ်) အဘ ဦးထန်ခွဲဖြစ်ပြီး ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံဝန်ထမ်းအိမ်ရာ၌ နေထိုင်သူဖြစ်ကြောင်း၊ ၎င်းတို့နှစ်ဦးသည် ရိခေါ်ဒါရ် မိုက္ကရိုဝေ့ရုံးခန်းအတွင်း၌ ဘာသာရေးနှင့်ပတ်သက်၍ အပြန်အလှန်ပြောဆို ငြင်းခုံကြရာမှ ပြစ်မှုကျူးလွန်သူ ရှယ်ထန်း(ခ) ထန်းငှာက အခန်းအတွင်းရှိ မီးသတ်ဆေးဗူးဖြင့် ဦးကပ်လှေပြောင်၏ ဦးခေါင်းအား ထုရိုက်ပြီး လဲကျသတိလစ်နေစဉ် အနီးရှိစတီးဓားဖြင့် လည်ပင်အား လှီးဖြတ်၍ ဦးခေါင်းအား သေဆုံးသူ၏ ပုဆိုးဖြင့်ထုတ်ကာ ယူဆောင်လာခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသည်။

ပြစ်မှုကျူးလွန်သူ ရှယ်ထန်း(ခ)ထန်းငှာအား အခင်းဖြစ်နေရာသို့ ခေါ်ဆောင်ပြီး အရှည် ၇.၅ လက်မ၊ ဗျက် ၃.၅ လက်မရှိ လက်ကိုင်ရိုးမပါ စတီးဓား တစ်ချောင်း၊ ချင့်တံဆိပ်ပါ အနီရောင် မီးသတ်ဆေးဗူး တစ်ဗူးနှင့် ဝါနက်ရောင် ပုဆိုးတစ်ထည် စသည့်သက်သေခံပစ္စည်းများကို သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ပြီး သေဆုံးသူ၏အလောင်းအား ရဲဆေးစာ နှင့်အတူ ရိခေါ်ဒါရ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူ ရှယ်ထန်း(ခ)ထန်းငှာအား ရိခေါ်ဒါရ်နယ်မြေ ရဲစခန်းမှ (ပ)၂၁/၂၀၊ ဥပဒေအရအရေးယူဆောင်ရွက် ထားကြောင်း သိရသည်။

လာလ်ပက်လောမ် (ပက်ကာ)

ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။