ရာစုဝက်အတွင်း အဆိုးရွားဆုံး နှင်းမုန်တိုင်း စပိန်ကြုံတွေ့

10-Jan-2021

စပိန်နိုင်ငံမှာ Filomena နှင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့ရပြီး မက်ဒရစ်မြို့တော် အပါအဝင် နိုင်ငံတလွှား လမ်းမတွေပေါ်မှာ ထူထဲတဲ့နှင်းတွေ ဖုံးနေတာကြောင့် ကားတွေထဲ ပိတ်မိနေသူတွေကို စစ်တပ်ဦးဆောင်ပြီး ကယ်ဆယ်ရေးတွေ လုပ်နေရပါတယ်။

ကယ်ဆယ်ကူညီရေးတွေက ကားထဲပိတ်မိနေသူ ၁,၅၀၀ လောက်ကို ကယ်ထုတ်ပေးနိုင်ခဲ့ပါတယ်။ စပိန်တောင်ပိုင်း မာလာဂါမြို့နားမှာ မြစ်ရေစီးကြောင့် ကမ်းပါးပြိုတဲ့အတွက် ကားတစီး ရေနစ်မြုပ်ရာကနေ ၂ ဦး သေဆုံးခဲ့ရသလို စပိန်မြောက်ပိုင်း Calatayud မှာတော့ အိုးအိမ်မဲ့တဦး အအေးဒဏ်ကြောင့် သေဆုံးခဲ့ရပါတယ်။

ပြည်ထဲရေးဝန်ကြီး Fernando Grande-Marlaska ကတော့ ဒါဟာ အနှစ် ၅၀ အတွင်း အဆိုးဝါးဆုံးမုန်တိုင်း ဖြစ်တဲ့အတွက် မလိုအပ်ရင် ခရီးမသွားကြဖို့ ပြည်သူတွေကို ပန်ကြားခဲ့သလို နိုင်ငံတွင်း မုန်တိုင်းဒဏ်ခံရမှု နည်းနိုင်သမျှ အနည်းဆုံးဖြစ်အောင် ကြိုးစားနေကြောင်း ပြောပါတယ်။

“လမ်းမတွေပေါ်မှာ ကားထဲပိတ်မိနေသူတွေကို ကယ်ထုတ်နိုင်ဖို့ ဦးစားပေးပြီး ရဲတွေ၊ လုံခြုံရေးတွေနဲ့ အရေးပေါ်ဌာနတွေက လုပ်ဆောင်နေကြကြောင်း” ပြောသွားတာပါ။

လမ်းပေါင်း ၆၅၀ ကျော်ဟာ နှင်းတွေကြောင့် ပိတ်နေပြီး သောကြာနေ့ ညကနေ စနေနေ့အထိ လမ်းပေါ်က ကားတွေထဲမှာ ပိတ်မိနေသူတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။

နှင်းမုန်တိုင်းကြောင့် မက်ဒရစ်အပါအဝင် လေဆိပ်အတော်များများကို ပိတ်ထားသလို ရထားလမ်းတွေလည်း ပိတ်ထားပြီး ကျောင်းတွေ တက္ကသိုလ်တွေကိုတော့ ဗုဒ္ဓဟူးနေ့အထိ ပိတ်ထားမှာ ဖြစ်ပါတယ်။

စပိန်မိုးလေဝသဌာန ထုတ်ပြန်ချက်အရ နှင်းထုဟာ ၁၀ လက်မကနေ လက်မ ၂၀ အထိ ကျခဲ့တဲ့အတွက် ဒါဟာ ၁၉၆၃ ခုနှစ်ကစပြီး အထူထပ်ဆုံးကျခဲ့တာ ဖြစ်ပါတယ်။

VOA News