တပ်ထောက်ခံမဲ ပိုရလာတယ်လို့ NLD ပြော

12-Nov-2020

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်လောင်းတွေရရှိခဲ့တဲ့ တပ်မတော်သားတွေရဲ့  ထောက်ခံမဲဟာ ၂၀၁၅ ရွေးကောက်ပွဲကထက် ပိုများတယ်လို့  NLD ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။ ဒါဟာ တပ်မတော်သားတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ တပ်အပြင်ဘက်ထွက်ပြီး မဲပေးခွင့်ရခဲ့ခြင်းရဲ့ ရလဒ် ဖြစ်မယ်လို့ ယူဆနေကြပါတယ်။

တပ်မတော်သားတွေနဲ့ သူတို့မိသားစုဝင်တွေ ဆန္ဒမဲပေးကြတဲ့ မဲရုံအများစုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဟာ အရင်ရွေးကောက်ပွဲတွေထက် မဲပိုရလာတယ်လို့ NLD ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရှိတဲ့ နေပြည်တော် ဇေယျာသီရီမြို့နယ်မှာ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက NLD ထက် မဲတစ်သောင်းလောက် ပိုရခဲ့ပေမယ့် ဒီနှစ်မှာတော့ မဲကွာဟမှုက ငါးထောင်ပဲရှိတော့တယ်လို့ NLD ပါတီ အောင်နိုင်ရေး ကော်မတီဝင် ဦးမင်းသူက ပြောပါတယ်။

“မဲရလဒ်တွေကို ကြည့်လိုက်တဲ့အချိန်မှာ အရင်တုန်းက ၂၀၁၅ တုန်းကနဲ့ဆိုရင် အရမ်းကြီးကွာသွားပြီ၊ တစ်မဲ နှစ်မဲတောင်ရဖို့ တော်တော်ခဲယဉ်းတဲ့နေရာတွေ၊ ဘဲဥမကွဲတဲ့ နေရာတွေပေါ့၊ အခုက ထောင်ဂဏန်းအထိဖြစ်လာတဲ့အတွက် တပ်မတော်သားတွေ လွတ်လပ်စွာ မဲပေးခွင့်ရတယ် ဆိုတဲ့ဥစ္စာမျိုးကို ကျနော်တို့ တွေ့နေရတယ် ဆိုတာမျိုး ဖြစ်လာတယ်ပေါ့လေ”

အဲဒီ ဇေယျာသီရီမြို့နယ်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက မဲသုံးသောင်းခွဲကျော်ရပြီး တပ်မတော်သား မဲဆန္ဒရှင်စာရင်းဟာ ထိပ်တန်း လျှို့ဝှက်အဆင့် သတ်မှတ်ထားတာကြောင့် အဲဒီမဲရုံ ၁၆ ရုံမှာ ဆန္ဒမဲပေးခွင့်ရှိတဲ့ တပ်မတော်သားအရေအတွက်ကိုတော့ RFA က မေးမြန်းခဲ့ပေမယ့် တိတိကျကျပြောဆိုနိုင်သူမရှိပါဘူး။

ဥတ္တရသီရီမြို့နယ်က တပ်မဲရုံတွေမှာလဲ  အရင်က NLD ပါတီ မဲလုံးဝမရခဲ့ဘဲ  ဒီနှစ်မှာရခဲ့တယ်လို့  ဦးမင်းသူကပြောပါတယ်။ မန္တလေးဘက်က တပ်မဲရုံတွေမှာလည်း NLD ကို ထောက်ခံတာ ပိုများလာတယ်လို့ မန္တလေးတိုင်း NLD က ပြောပါတယ်။

ဒါဟာ တပ်မတော်ထဲမှာထိုက်သင့်တဲ့ လွတ်လပ်မှုရှိလာတာကြောင့် ဖြစ်နိုင်တယ်လို့ မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦး က ကောက်ချက်ချပါတယ်။

"တပ်တွင်းမဲရုံတွေကို အပြင်ထုတ်လိုက်တဲ့ကိစ္စတွေလည်း သက်ရောက်မှု ရှိမယ်ထင်တယ်။ ကျန်တာတော့ အသေးစိတ်က ပြန်သုံးသပ်ရအုံးမယ်"

မန္တလေးမှာဆိုရင် တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေအတွက် သီးသန့်မဲရုံတွေ နန်းတွင်း ကျုံးပတ်လည် မျက်နှာစာ လေးခုမှာ မဲရုံတစ်ရုံစီထားခဲ့ပါတယ်။

ဒီနှစ်ရွေးကောက်ပွဲမှာမှ တပ်မဲရုံတွေကို အပြင်ထုတ်လိုက်တာကြောင့် အခုလိုသက်ရောက်မှုကြီး လာတာလို့ NLD ပါတီ အောင်နိုင်ရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့် က သုံးသပ်ပါတယ်။

“တပ်မဲရုံတွေ အပြင်ထုတ်လိုက်တဲ့အခါမှာ ပိုပြီးတော့ လျှို့ဝှက်မဲပေးမှု ဆန်လာပါတယ်၊ ပြည်သူတွေနဲ့ရောပြီး မဲပေးတဲ့အခါမှာ ဘယ်သူကပေးတယ်ဆိုတာ ယတိပြတ် ပြောလို့ မရတော့ပါဘူး၊ ဒါကြောင့် မိမိရဲ့ ဆန္ဒကို ပိုပြီးတော့ လွတ်လွတ်လပ်လပ် ထုတ်ဖော်လာတာလို့ မြင်ပါတယ်”

တပ်ပြင်ပမှာ မဲပေးကြတာကြောင့် တပ်မိသားစုဝင်တွေရဲ့ ထောက်ခံမဲ NLD  ပိုရလာတယ်ဆိုတာနဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ရွေးကောက်ပွဲကိစ္စတွေနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ မှတ်ချက်ပေးစရာမရှိကြောင်းသာ ဖြေပါတယ်။

ရွေးကောက်ပွဲမကျင်းပခင် သုံးရက်အလိုတုန်းကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းစစ်ဌာနချုပ်တွေက တိုင်းမှူးတွေနဲ့ အွန်လိုင်းကနေ တွေ့ဆုံရာမှာ အရာရှိတွေ၊ စစ်သည်တွေ၊ မိသားစုတွေအားလုံး လွတ်လွတ်လပ်လပ် မဲပေးနိုင်တယ်လို့ ပြောထားပါတယ်။

"တစ်အချက်ကတော့ ဒို့တာဝန်အရေးသုံးပါးကို အလေးထားတဲ့ ကိုယ်စားလှယ်ကောင်းတွေကို စဉ်းစားနိုင်ဖို့ဖြစ်ပါတယ်။ နောက်တစ်ခုက နိုင်ငံကိုကောင်းဖို့အတွက် ဒေသကိုကောင်းဖို့အတွက် တကယ်ကိုဆောင်ရွက်ပေးနိုင်တဲ့ ကိုယ်စားလှယ်ကောင်းတွေ ဖြစ်ဖို့လိုပါတယ်။ ဒါလေးကို ထည့်သွင်းစဉ်းစားပြီးတော့မှ တပ်မတော်သားတွေရော၊ မိသားစုဝင်တွေရော အားလုံးကနေ လွတ်လွတ်လပ်လပ်  မဲပေးခွင့် မဲပေးလို့ရတယ်ဆိုတာ ပြောချင်ပါတယ်"

အခုလိုဖြစ်လာတာဟာ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး တိုးတက်လာတဲ့ အခြေအနေလို့ ရန်ကုန်မြို့က နိုင်ငံရေး လေ့လာသူ ဒေါက်တာရန်မျိုးသိမ်း ကပြောပါတယ်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အရင်ရွေးကောက်ပွဲထက်များတဲ့ မဲအရေအတွက်ကို ရလာတာဟာ ကျနော်တို့နိုင်ငံရဲ့ ဒီမိုကရေစီ အပြောင်းအလဲအတွက်ရော၊ နောက် ကျနော်တို့ ရှေ့ဆက်ပြီး ညှိနှိုင်းဆွေးနွေးအဖြေရှာရမယ့် အရပ်ဘက် စစ်ဘက်ဆက်ဆံရေးအတွက်ရော၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အကျပ်အတည်းအတွက်ရော ငြိမ်းချမ်းရေးအတွက်ရော ကောင်းမွန်တဲ့ အခြေအနေကောင်းတခုလို့ ကျနော့်အနေနဲ့ သုံးသပ်ပါတယ်”

ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျုရဲ့ အမှုဆောင်ဒါရိုက်တာ ဒေါက်တာ မင်းဇော်ဦး ကလည်း တပ်မတော်သားတွေ လွတ်လပ်စွာ မဲပေးနိုင်တာဟာ ဒီမိုကရေစီအတွက် ကောင်းတဲ့ လက္ခဏာလို့ သုံးသပ်ပါတယ်။

“တပ်မတော်သားတွေ NLD မဲပေးတာလည်း ဖြစ်နိုင်ပါတယ်၊ ဒါကလည်း ကြိုဆိုရမယ်၊ ကြိုဆိုရမယ် ဆိုတာက NLD ကို မဲပေးလို့ထက် တပ်မတော်မှာ မဲပေးပိုင်ခွင့် လွတ်လွတ်လပ်လပ် မဲပေးပိုင်ခွင့်ရှိတယ် ဆိုတဲ့အစဉ်အလာဖြစ်လာတယ် ဆိုတာကိုက ဒီမိုကရေစီအတွက် ကောင်းတဲ့အလားအလာ၊ သဘောကတော့ ဘယ်ပါတီပဲ မဲပေးပေး၊ တပ်မတော်သားတွေ လွတ်လွတ်လပ်လပ် မဲပေးပိုင်ခွင့် ရှိတယ်ဆိုတဲ့ အစဉ်အလာဖြစ်လာပြီဆိုရင် ဒါက ဒီမိုကရေစီလမ်းကြောင်းကို ဖြောင့်ဖြောင့်ဖြူးဖြူးသွားနိုင်တဲ့ သဘောပါပဲ”

ဒီနှစ်ရွေးကောက်ပွဲမှာ တပ်မတော်သား မဲဆန္ဒရှင်အများအပြားဟာ အရပ်သားတွေပေးတဲ့ မဲရုံမှာ မဲပေးခဲ့ကြတာပါ။ ဒါကြောင့် NLD ကို မဲပေးခဲ့တဲ့ တပ်မတော်သားအရေအတွက်ကို သိနိုင်ဖို့တော့ မလွယ်ပါဘူး။

ကျော်လွင်ဦး

Crd RFA