ထိုင်းရောက် မြန်မာလုပ်သားအားလုံးကို ယာယီမှတ်ပုံတင်ကတ် ပေးမည်

25-Dec-2020

ထိုင်းနိုင်ငံမှာ လတ်တလော ကိုဗစ်ရောဂါ ကူးစက်ခံရတဲ့ အတည်ပြု ၁၂ဝဝ ကျော်မှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေက အများဆုံး ကူးစက်ခံနေရတာ ဖြစ်ပါတယ်။ ဒီလို မြန်မာလုပ်သားတွေကြား ကူးစက်မှု များလာချိန်မှာ အလုပ်သမားတွေကို အလုပ်ရှင်က စွန့်ပစ်တာတွေ အပါအဝင် မြန်မာလုပ်သားတွေအပေါ် ခွဲခြားဆက်ဆံခံရမှုတွေ ရှိနေပါတယ်။ ဒီလိုအခြေအနေမှာ ထိုင်းအစိုးရက တရားမဝင် ရွှေ့ပြောင်းလုပ်သားတွေကို တရားဝင်လက်မှတ် လုပ်ပေးတော့မှာပါ။

ကိုဗစ် အရေးပေါ်ကာလ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ တရားမဝင်ရွှေ့ပြောင်းလုပ်သားတွေကို ယာယီမှတ်ပုံတင်ပန်းရောင်ကတ်ကို လုပ်ပေးမယ်ဆိုပြီး ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ညွှန်ကြားထားတယ်လို့ ထိုင်းအလုပ်သမား ဝန်ကြီးချုပ် စုချတ် ချွမ်ကလင်က ဒီဇင်ဘာလ ၂၃ ရက်နေ့ည သတင်းတွေမှာ ပြောကြားလိုက်ပါတယ်။

ဒီနေ့အထိ ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါ ပိုးတွေ့လူနာ စုစုပေါင်း ငါးထောင်ကျော်ရှိပြီး သေဆုံးသူ ၆၀ ရှိပါတယ်။ ရောဂါပိုးကူးစက်ခံရတဲ့ အထဲမှာ မြန်မာအလုပ်သမား ၁၁၀၀ ကျော် ပါဝင်ပါတယ်။ ယာယီမှတ်ပုံတင် ပန်းရောင်ကတ်ကို လုပ်ပေးမယ်ဆိုတာဟာ ကိုဗစ်ရောဂါ ထိန်းချုပ်နိုင်ရေး အတွက်ဖြစ်သလို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၂ ရက်နေ့က စမွတ်ဆာခွန်ခရိုင်က မြန်မာရွှေ့ပြောင်းလုပ်သား ၁၄ ဦးကို ထိုင်းအလုပ်ရှင်က စမုပါကန်ခရိုင် လမ်းဘေးတနေရာမှာ သွားရောက် ပစ်ထားခံရမှုနဲ့ ဆက်စပ်တယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အလုပ်သမားအကြံပေး ဦးစူရချိုင်မင်းထွန်းက ပြောပါတယ်။

“တရားမဝင် အလုပ်သမားတွေကို လာစွန့်ထားတာပေါ့နော်။ သူတို့ကို လာဖမ်းတဲ့အခါကျရင် အရေးယူခံရမှာ ကြောက်လို့ လာပစ်ထားတာပေါ့။ အဲဒါက လိုင်းပေါ်မှာလည်း ပျံ့နှံ့သွားတော့ ဒီလို တရားမဝင်အလုပ်သမားတွေ ပြေးနေမယ်ဆိုရင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ထိန်းချုပ်ဖို့ ခက်လိမ့်မယ်ဆိုပြီး ဒီတော့ ရေအောက်မှာရှိတဲ့ လူတွေကို ရေပေါ်ပြန်တင်မယ်ဆိုတဲ့ သဘောမျိုးနဲ့ အလုပ်သမားဝန်ကြီးဌာနနဲ့ အလုပ်သမားဝန်ကြီးဌာနကို work permit နဲ့ သော်လည်းကောင်း အသစ်ပြန်လုပ်ပေးမယ်ဆိုတဲ့ အနေအထားမျိုးနဲ့ ပြောသွားတာ ဖြစ်ပါတယ်။ အသစ် လုပ်ပေးတဲ့ထဲမှာ လူသစ်လား လူဟောင်းလားဆိုတာ မပြောထားဘူး”

ယာယီ ပန်းရောင်ကတ် သက်တမ်း ဘယ်လောက်ပေးထားမယ်ဆိုတာကိုတော့ ထိုင်းဝန်ကြီးချုပ် ပြောတဲ့အထဲမှာ မပါသေးပါဘူး။ ထိုင်းအာဏာပိုင်တွေဘက်က ဒီကိုဗစ်ကာလမှာ ဖမ်းဆီးအရေးယူတာ မလုပ်ဘူးလို့ ပြောထားပေမဲ့ ထိုင်းအလုပ်ရှင် ကိုယ်တိုင် အလုပ်သမားတွေကို စွန့်ပစ်တာတွေကြောင့် ယာယီပန်းရောင်ကတ် လုပ်ပေးဖို့ အကြောင်းရင်းတခု ဖြစ်လာတယ်လို့ မဟာချိုင်မြို့၊ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်(MWRN) က ဦးအောင်ကျော်ကလည်း ပြောပါတယ်။

“ဒီစမွတ်ဆာခွန် မွမ်းမံဆိုတဲ့ ရပ်ကွက်မှာရှိတဲ့ ပလတ်စတစ်ထုတ်လုပ်တဲ့ စက်ရုံတွေက သူ့ရဲ့ အလုပ်သမားတွေထဲမှာ တရားဝင်တာလည်း ရှိတယ်။ တရားမဝင်တဲ့ အလုပ်သမားလည်းရှိတယ်။ သို့သော် နိုင်ငံတော်အစိုးရက လာရောက်စစ်ဆေးမှာကို ကြောက်ရွံ့တဲ့အတွက်ကြောင့် ကိုဗစ် ၁၉ ကာလမှာ သူလည်း အလုပ်အကိုင် နည်းနည်းအဆင်မပြေတဲ့ အပိုင်းလည်း ပါလိမ့်မယ်။ သူ့ရဲ့ မြန်မာအလုပ်သမားတွေအားလုံးကို ကားတွေနဲ့ တင်ပြီးမှ ဟိုး .. စမွတ်ပါကန်ဆိုတဲ့ ရပ်ကွက်တွေကြားမှာ အလုပ်သမားတွေကို ပစ်ချခဲ့တယ်။ သို့သော် ကိုဗစ် ဒေသဖြစ်တဲ့အခါမှာ ထိုင်းအစိုးရက ရွှေ့ပြောင်းအလုပ်သမားများ မိမိရောက်ရှိရာ ဒေသမှာ ပုံမှန်မပျက် ဆက်လက်ပြီး နေထိုင်ကြပါ။ တရားဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ၊ လက်ရှိ ကိုဗစ် ၁၉ ကာလမှာ စစ်ဆေးခြင်း အရေးယူခြင်း၊ ဖမ်းဆီးချုပ်နှောင်ခြင်း မလုပ်ပါဘူးလို့ ပြောထားသော်လည်း အလုပ်ရှင်ကိုယ်တိုင်က သူတို့ဟာ သူတို့ အစိုးရိမ်လွန်ပြီးတော့မှ မြန်မာလုပ်သားတွေကို စွန့်ပစ်တဲ့ အခြေအနေမျိုးတွေ ကြုံတွေ့လာရတဲ့အခါမှာ မနေ့က ထိုင်းအစိုးရ အရေးပေါ်အစည်းအဝေးကျင်းပပြီးမှ ဝန်ကြီးချုပ်ကိုယ်တိုင် အထောက်အထားမဲ့နေတဲ့ ရွှေ့ပြောင်းလုပ်သားတွေ အားလုံးကို အားလုံးကို ယာယီ တရားဝင် နေထိုင်ခွင့်ရအောင် ပန်းရောင်ကတ်တွေ ပြုလုပ်ပေးမယ်လို့ ကြေညာလိုက်တာ ဖြစ်ပါတယ်”

အခုလို အကြပ်အတည်း အခက်အခဲ ဖြစ်နေချိန်မှာ ရွှေ့ပြောင်းလုပ်သားတွေကို ယာယီအထောက်အထား လုပ်ပေးမှုကို ကြိုဆိုပေမဲ့ အကျင့်ပျက် လာဘ်စားသူတွေကြောင့် နယ်စပ်ကနေ တရားမဝင် ခိုးဝင်လာတာတွေ ရှိလာမှာကို စိုးရိမ်ကြောင်းနဲ့ ခိုးဝင်တာတွေကို ထိုင်းဘက်က ကြပ်ကြပ်မတ်မတ် ကာကွယ် စောင့်ရှောက်ပေးစေချင်တယ်လို့ ဦးအောင်ကျော်က ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှုဟာ ရွှေ့ပြောင်းလုပ်သားတွေနဲ့ ဆက်စပ်မှု ရှိတယ်ဆိုပြီး ထိုင်းအစိုးရက ပြောဆိုတာဟာ ရွှေ့ပြောင်းလုပ်သားတွေအပေါ် ရိုက်ခတ်မှုတွေ ရှိခဲ့ပြီး လူမှုကွန်ရက်တွေမှာ ဝေဖန်ကြတာတွေကြောင့် နိုင်ငံတကာနဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေရဲ့ ဝေဖန်ပြစ်တင်မှုတွေ ရှိလာခဲ့ပါတယ်။

ဒါကြောင့် ဒီဇင်ဘာလ ၂၄ ရက်နေ့ကစပြီး ကိုဗစ်ရောဂါပိုး ကူးစက်သူ လူနာသစ်ထဲမှာ ရွှေ့ပြောင်းလုပ်သားတွေ ပါဝင်တယ် ဆိုတာကို ထည့်သွင်းမဖော်ပြတော့ဘူးလို့ ထိုင်းအာဏာပိုင်တွေက ပြောဆိုထားတယ်လို့ ဦးစူရချိုင်မင်းထွန်းက ပြောပါတယ်။

“ဒီနေ့ကနေစပြီး ကျနော်တို့ ရွှေ့ပြောင်းအလုပ်သမား ဘယ်နှဦး ကူးစက်ခံရတယ်ဆိုတဲ့ ပုံစံမျိုး ခွဲခြားပြီး ပြောတဲ့ကိစ္စကို သူတို့တွေ အစည်းအဝေးလုပ်ပြီးတော့ မဖော်ပြတော့ဘဲ ထိုင်းနိုင်ငံမှာ ရောဂါကူးစက်သူ ဘယ်နှယောက် အဲဒီလိုပဲ ပြဌာန်းတော့မယ်လို့ ကျနော်တို့ တွေ့ရတယ်။ ထိုင်းနိုင်ငံက ခရိုင် ၂၂ ခရိုင်မှာ ရောဂါပိုး တွေ့ရှိရတဲ့အတွက် ကျနော်တို့အတွက်လည်း လုံခြုံမှုမရှိဘူးဗျ”

လျှပ်စစ်စက်ရုံတခုမှာ အလုပ်လုပ်နေတဲ့ မြန်မာလုပ်သား ကိုထွန်းဝင်းအောင်က သူတို့ အလုပ်ရုံထဲမှာ မြန်မာလုပ်သားတွေကိုပဲ ကိုဗစ်ရောဂါပိုး စစ်ဆေးပြီး ထိုင်းအလုပ်သမားတွေကိုတော့ ရောဂါပိုးစစ်တာ မလုပ်ဘဲ စိုးရိမ်မှုတွေနဲ့ အလုပ်ဆင်းနေရတယ်လို့ ပြောပါတယ်။

“ကျနော်တို့တွေက ကျန်းမာရေး စည်းကမ်းချက်တွေ ကျနော်တို့လိုက်နာမယ်။ တကယ်ဆိုရင် အဲဒီစည်းကမ်း ချက်အတိုင်း သူတို့လည်း လိုက်နာ ဆောင်ရွက်သင့်တယ်။ သူတို့မှာက ရောဂါကင်းစင်တဲ့ ပုံစံမျိုးသူတို့ ပြော တယ်။ အဲလိုပဲနေတယ်။ တကယ်ဆို သူတို့လည်း ကျနော်တို့ သွေးစစ်ရင် သူတို့လည်း သွေးစစ်ရမယ်။ အကုန်လုံး ညီတူညီမျှ ရှိရမှာပေါ့။ အဲဒါမှ ကျနော်တို့ ယုံကြည် စိတ်ချစွာနဲ့ အလုပ်လုပ်လို့ ရမယ်။ အခုက အလုပ်ရုံတခုထဲမှာ အတူနေရတယ်။ တဖက်က သွေးစစ်မှုခံယူထားတယ်။ တဖက်ကကျတော့ ဆေးစစ်တာ တွေ မရှိဘဲနဲ့ အဝင်အထွက်လုပ်တယ်။ ဟိုတခြား ရပ်ကွက်ကနေ လာတယ်။ ဒီလိုမျိုးတွေကျတော့ ကျနော်တို့ အတွက်က မတရားဘူးလို့ပဲ မြင်တယ်။ အစိုးရပိုင်းမှာ တမျိုးစီစဉ်တယ်လို့ သတင်းထုတ်ပြန်ပေမဲ့ ကျနော်တို့ ဘက်တွေမှာတော့ အောက်ခြေမှာကတော့ သူတို့ဘက်က ခွဲခြားထားတယ်။ အတိအကျပါပဲဗျ။ သက်ဆိုင်ရာ တာဝန်ရှိသူတွေကိုလည်း သိစေချင်တယ်”

သူတို့စက်ရုံမှာ မြန်မာအလုပ်သမား ၁၅ ဦးနဲ့ ထိုင်းအလုပ်သမား ၅၀ လောက် အလုပ်လုပ်ကိုင်နေတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

စမွတ်ဆာခွန်ခရိုင်အတွင်း ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ကိုဗစ်ရောဂါပိုး ကူးစက်သူ လူနာသစ် ၆၇ ဦး ရှိပါတယ်။ ထိုင်းနိုင်ငံတခုလုံးမှာတော့ ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ ကိုဗစ်ကပ်ရောဂါ ကူးစက်ခံရသူ လူနာသစ် ၁၂၆၀ ဦးရှိပြီး ဒီထဲမှာတော့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၁၂၉ ယောက် ပါဝင်ပါတယ်။ ထိုင်းနိုင်ငံမှာ စမွတ်ဆာခွန်၊ စမုပါကန်၊ စမုဆွန်ခရမ်၊ ဆူဖန်ဘူရီ စတဲ့ ခရိုင်တွေ အပါအဝင် ခရိုင် ၂၀ ကျော်မှာ ဒုတိယလှိုင်း ကိုဗစ်ကပ်ရောဂါ ပြန့်ပွားလာမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

ဘန်ကောက်မြို့အနီး စမွတ်ဆာခွန်ခရိုင် မဟာချိုင်မြို့ တလတ်ကွန့်လို့ ခေါ်တဲ့ ပုဇွန်ဈေးမှာ အသက် ၆၇ နှစ်အရွယ် ထိုင်းအလုပ်ရှင်တဦးမှာ ကိုဗစ်ရောဂါပိုး စတွေ့ခဲ့ပြီးနောက် ဒီဇင်ဘာလ ၁၈ ရက်နေ့ကစပြီး အသွားအလာ ကန့်သတ်ခဲ့ရာကနေ ဒီဇင်ဘာလ ၂၄ ရက်နေ့ကနေ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့ထိ ည ၁၀ နာရီကနေ မနက် ၅ နာရီထိ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပါတယ်။

RFA Burmese