စင်ကာပူနိုင်ငံ၌ ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ပိုးသစ် ကူးစက်ခံရသူတစ်ဦး ပထမဆုံးတွေ့ရှိ

25-Dec-2020

စင်ကာပူ    ဒီဇင်ဘာ   ၂၅

ဗြိတိန်နိုင်ငံတွင် စတင်တွေ့ရှိသည်ဟု ယူဆရသော ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ပိုးသစ် ကူးစက်ခံရသူ တစ်ဦးကို စင်ကာပူနိုင်ငံ၌  ပထမဆုံး စစ်ဆေးတွေ့ရှိခဲ့ကြောင်း စင်ကာပူကျန်းမာရေးအာဏာပိုင်များက  ယမန်နေ့တွင် အတည်ပြုပြောကြားခဲ့သည်။

အဆိုပါ ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ပိုးသစ်သည် ကိုဗစ်- ၁၉ ရောဂါထက် ပိုမိုကူးစက်မှုမြန်ဆန်ကြောင်း တွေ့ရသည်။

နိုင်ငံအတွင်း ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုးသစ် ကူးစက်ခံရသူကို စစ်ဆေးတွေ့ရှိပြီးနောက် ဥရောပနိုင်ငံများမှ မကြာသေးမီက ပြန်လည်ရောက်ရှိလာသည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရသူများအား   ဗီဇပြောင်းကိုရိုနာ ဗိုင်းရပ်စ်ပိုးသစ်ကူးစက်ခံထားရခြင်း ရှိ၊ မရှိ စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ယမန်နေ့ထုတ်ပြန်ချက်တွင် ပါရှိသည်။

နိုဝင်ဘာ ၁၇ ရက်မှ   ဒီဇင်ဘာ ၁၇ ရက်အတွင်း စင်ကာပူနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည့် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၁ ဦးအနက် တစ်ဦးတွင် အဆိုပါ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုးသစ်  ကူးစက်ခြင်းခံထား ရကြောင်း စင်ကာပူကျန်းမာရေးအာဏာပိုင်များက အတည် ပြုခဲ့သည်။ ထို့ပြင် ယင်းတို့အနက် ၁၁ ဦးမှာလည်း အဆိုပါ ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ပိုးသစ် ကူးစက်ခံထားရနိုင်ဖွယ် ရှိသည့်  လက္ခဏာများတွေ့ရှိသော်လည်း ၎င်းတို့၏ ဆေးစစ်ချက်ရလဒ်များကို ကျန်းမာရေးအာဏာပိုင်များ က အတည်ပြုခြင်းမရှိသေးပေ။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ပြည်တော်ပြန် ၃၁ ဦးသည် ၁၄ ရက်ကြာ သီးခြားခွဲ နေထိုင်လျက်ရှိသည်။

ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုးသစ် ကူးစက်ခံထားရသူ မှာ ၁၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး သြဂုတ်လမှစပြီး ဗြိတိန်နိုင်ငံသို့ ပညာတော်သင် သွားရောက်နေသူဖြစ်သည်။   ဒီဇင်ဘာ ၆ ရက်တွင်  စင်ကာပူနိုင်ငံသို့ ပြန်လည်ရောက်ရှိ ခဲ့ပြီး ၁၄ ရက်ကြာ သီးခြားခွဲနေထိုင်လျက်ရှိစဉ် ဒီဇင်ဘာ ၈ ရက်တွင် ဆေးစစ်ရာမှ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုးသစ် ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ အမျိုးသမီးတွင် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ပိုးသစ်တွေ့ရှိခဲ့သည့်အချိန်မှစပြီး ၎င်းမှတစ်ဆင့် အခြားသူ များအား ကူးစက်မှုမဖြစ်ပွားစေရန် စီစဉ်ဆောင်ရွက်မှုများ လုပ်ဆောင်ထားကြောင်းနှင့် လက်ရှိအချိန်အထိ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုးသစ် ပြည်သူများအကြား ကူးစက်ပျံ့နှံ့ လျက်ရှိသည်ဆိုသည့် သက်သေအထောက်အထား မတွေ့ရှိ သေးကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။

အလားတူ ဗိုင်းရပ်စ်ကာကွယ်ရေး လုပ်ငန်းစဉ်တစ်ရပ် အဖြစ် ဗြိတိန်နိုင်ငံသို့ မကြာသေးမီက ခရီးသွားခဲ့သည့် ပြည်တော်ပြန်များအား စင်ကာပူနိုင်ငံအတွင်းသို့ ဝင်ရောက် ခွင့်ပိတ်ပင်ထားကြောင်း သိရသည်။ စင်ကာပူနိုင်ငံသားများ နှင့် အမြဲတမ်းနေထိုင်သူများအား ၁၄ ရက်ကြာ သီးခြားခွဲ နေထိုင်ခြင်းမပြုမီ ဗိုင်းရပ်စ်ပိုးရှိ၊ မရှိ ဆေးစစ်မှုများ ပြုလုပ် သွားမည်ဖြစ်သည်။

လက်ရှိအချိန်အထိ စင်ကာပူနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၅၈၄၈၂ ဦးရှိပြီး သေဆုံးသူ ၂၉ ဦးရှိကြောင်း သိရသည်။

ကိုးကား - သည်စထရိတ်တိုင်းမ်

ဘာသာပြန် - အောင်ကျော်ကျော်