မုံရွာကုန်စည်ဒိုင် ဒီဇင်ဘာ ၃၀ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်

25-Dec-2020

မုံရွာ ဒီဇင်ဘာ ၂၄

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မုံရွာကုန်စည်ဒိုင်ကို ဒီဇင်ဘာ ၂၃ ရက်က အလုပ်အမှုဆောင် အစည်းအဝေးဆုံးဖြတ်ချက်နှင့် အသင်းသားများ၏ဆန္ဒအရ ဒီဇင်ဘာ ၃၀ ရက် (ဗုဒ္ဓဟူးနေ့)တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း မုံရွာ ကုန်စည်ဒိုင် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးတင်ကိုကိုထံမှ သိရသည်။

မုံရွာကုန်စည်ဒိုင်တွင် အသင်းသား ၄၅၀ ကျော်ရှိသော်လည်း နေ့စဉ် အသင်းသား ၁၀၀ မှ ၁၅၀ ကြားသာရှိကြောင်း၊ အသင်းသားများ ကုန်စည်ဒိုင် အတွင်း ဝင်ရောက်သည့်အခါ နှာခေါင်းစည်းတပ်ခြင်း၊ လက်ဆေးခြင်း၊ အပူချိန် တိုင်းတာခြင်းများပြုပြီးမှသာ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း၊ နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိသည့် အသင်းသားများအား ပထမအကြိမ်အနေဖြင့် သုံးရက်၊ ဒုတိယအကြိမ် ငါးရက်၊ တတိယအကြိမ်နှစ်ပတ် ဒိုင်ဝင်ခွင့်ပိတ် မည်ဖြစ်ပါကြောင်း၊ ရောင်းဝယ်သူများအနေဖြင့် စာပွဲခုံ တစ်ခုံနှင့်တစ်ခုံကြား ခြောက်ပေကွာထားရှိမည်ဖြစ်ပြီး၊ စားပွဲခုံ တစ်ခုံလျှင် ရောင်းသူ/ဝယ်သူ သုံးဦးသာ ရောင်းဝယ်ခွင့်ပြုမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။

ဆောင်းရာသီသီးနှံဖြစ်သည့် ပဲအမျိုးမျိုးနှင့် အခြားသီးနှံများလည်း ပေါ်ပြီဖြစ်သောကြောင့် အွန်လိုင်းနှင့် အရောင်း အဝယ်ပြုလုပ်ရာတွင် ကုန်စည်စီးဆင်းမှုနှေးကွေးခြင်းများဖြစ်ပေါ်သည့်အတွက် ကုန်စည်စီးဆင်းမှုလျင်မြန်စေရန်နှင့် တောင်သူများ ဈေးနှုန်းမှန်ကန်စွာရရှိစေရေး ပြန်လည်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ အလားတူ ကုန်စည်ဒိုင်အတွင်းရှိ စားသောက်ဆိုင်များဖွင့်လှစ်ခွင့် မပြုသေးကြောင်း၊ မုံရွာကုန်စည်ဒိုင် သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဦးတင်ကိုကို က ပြောသည်။ မွှေးကြူဇင်