မန္တလေးနဲ့ ရန်ကုန်မှာ ကူးစက်မှု မထိန်းချုပ်နိုင်သေး

15-Dec-2020

ကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၄ ရက် မနေ့က ညပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ ထပ်တိုးလူနာ ၁၁၇၀ ဦး၊ သေဆုံးလူနာ ၂၄ ဦး ရှိပြီလို့ ထုတ်ပြန်တာကြောင့် မြန်မာနိုင်ငံမှာ COVID-19 ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေသူ တစ်သိန်းတစ်သောင်းနီးပါးနဲ့ သေဆုံးသူ နှစ်ထောင့်သုံးရာနီးပါးအထိ ရှိလာပါတယ်။

မန္တလေးနဲ့ ရန်ကုန်မှာ ပိုးကူးစက်မှုထိန်းချုပ်ရေး စည်းကမ်းတွေကို ထုတ်ပြန်ထားပေမယ့် ကူးစက်မှုကျမသွားဘဲ တိုးနေတာကြောင့် မြေပြင်အခြေအနေနဲ့ ကိုက်ညီတဲ့ ကပ်ဘေးမူဝါဒကို ပြောင်းလဲဖို့လိုနေပြီလို့ သုံးသပ်နေကြပါတယ်။

မန္တလေးခရိုင်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု များနေတာကြောင့် နေအိမ်နေထိုင်ရေး နှစ်ပတ်တာကာလ သတ်မှတ်ထားတာ ဒီကနေ့ဆိုရင် ၁၁ ရက် ရှိပါပြီ။ ဒါပေမဲ့ ပိုးကူးစက်မှု လျော့ကျသွားအောင် ထိန်းချုပ်နိုင်တဲ့အခြေအနေ မမြင်ရသေးပါဘူး။

မန္တလေးခရိုင်အတွင်း ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှုဟာ တစ်ရက်ကို ၂၀၀ အထက်မှာရှိနေပြီး သေဆုံးသူလည်း တိုးလာနေပါတယ်။

မနေ့ကအထိ ပိုးကူးခံရသူတွေ့ရှိမှု ကျမသွားဘဲ တိုးလာနေတယ်လို့ မန္တလေးတိုင်းအစိုးရအဖွဲ့ ကိုဗစ်ကာကွယ် ထိန်းချုပ်၊ ကုသရေး ကော်မတီအဖွဲ့ဝင် ဦးစိုင်းပန်းဆိုင်က ပြောပါတယ်။

"ရောဂါဖြစ်ပွားတဲ့နှုန်းကိုပဲ ကြည့်မယ်ဆိုရင် အားမရသေးဘူး။ ထိန်းချုပ်နိုင်တယ်လို့ သတ်မှတ်လို့မရသေးတော့၊ ဗဟိုကလည်း တိုးထားတော့ တိုင်းမှာလည်း တိုးဖို့ရှိပါတယ်။ ကန့်သတ်ထားတဲ့ရက်မှာ နည်းနည်းစောင့်ကြည့်ရမှာက ပြည်သူကလည်း လိုက်နာမှုအပြည့်အဝရှိလာရင် ဒုတိယအပတ်မှာ သိသာတဲ့အကျိုးရလာမယ်လို့ အကောင်းတော့ မျှော်လင့်ရတာပဲ၊ ၁၈ ရက်နေ့အထိတော့ ကြပ်ကြပ်မတ်မတ်လုပ်ပါမယ်"

မန္တလေးတိုင်းဟာ ပြီးခဲ့တဲ့အပတ်ကအထိ မြန်မာနိုင်ငံမှာ ကိုဗစ်ဖြစ်ပွားမှုအဆင့်မှာ တတိယအဆင့်ကို ရောက်နေတယ်လို့ ဦးစိုင်းပန်းဆိုင်က ပြောပါတယ်။

မန္တလေးခရိုင်မှာ နေအိမ်နေထိုင်ရေးကာလ ထုတ်ပြန်ချက်တွေကို လိုက်နာမှု ရှိ၊ မရှိ စစ်ဆေးတဲ့ ရွေ့လျားစစ်ဆေးတဲ့အဖွဲ့ ၂၀၊ အထိုင်စစ်ဆေးတဲ့အဖွဲ့ ၃၈၆ ဖွဲ့နဲ့ စစ်ဆေးနေပြီး မနေ့က ဒီဇင်ဘာ၁၄ ရက်နေ့အထိ လူပေါင်း တစ်သောင်းကျော်ကို ဒဏ်ရိုက်အရေးယူထားတယ်လို့ မန္တလေးတိုင်း အစိုးရအဖွဲ့ကဆိုပါတယ်။

မန္တလေးခရိုင် ခုနှစ်မြို့နယ်ကို အခုလ ၅ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ နေအိမ်နေထိုင်ရေး သတ်မှတ်ထားပြီး စည်းကမ်းမလိုက်နာသူတွေကို တစ်ယောက် ဒဏ်ငွေ ၅၀၀၀ ကျပ် ဒဏ်ရိုက်နေတာပါ။

မန္တလေးခရိုင်မှာ နေအိမ်နေထိုင်ရေး လုပ်ဆောင်မှုက အောင်မြင်ပေမယ့် ကျန်းမာရေး စစ်ဆေးကုသရေးနဲ့ ပတ်သက်ပြီး ပြင်ဆင်ပြောင်းလဲသင့်တယ်၊ အေးတဲ့ရာသီဥတုမှာ နှာခေါင်းပိတ်ခြင်းနဲ့ ကိုဗစ်လက္ခဏာ အနံ့ခံအာရုံပျောက်ဆုံးခြင်းကို မခွဲခြားနိုင်ဘဲ ဆေးရုံရောက်သွားသူတွေ ရှိနေတယ်လို့ ပရဟိတမင်းခေါင်အဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်တင် က ပြောပါတယ်။

"ဆောင်တွင်းမှာဖြစ်တတ်တဲ့ သဘာဝကို မလွန်ဆန်နိုင်တော့ ရေစောစောချိုးမယ်၊ နှာပိတ်မယ်။ အအေးပတ်မယ်။ အဲဒီမှာ အနံ့မရတော့ဘူး ဆိုပြီးတော့ ဆေးရုံရောက်တယ်။ ဆေးရုံမှာ ၁၅ ပေ၊ ပေ ၂၀ ပတ်ချာလည် အခန်းထဲမှာ လူ ၅၀၊ လူ ၁၀၀ ပြုံနေတော့ အကုန်လုံး ကူးစက်သွားတာ။ အတွေ့အကြုံအရ အကြံပေးရရင် Fever Clinic ကို ဆေးရုံကြီးမှာ မထားသင့်တော့ဘူး"

ပရဟိတမင်းခေါင်အဖွဲ့ဟာ မန္တလေးမြို့ ကိုဗစ်ထိန်းချုပ်ရေးလုပ်ငန်းတွေမှာ တက်တက်ကြွကြွ ပူးပေါင်း ကူညီဆောင်ရွက်ပေးနေတဲ့အဖွဲ့ဖြစ်ပါတယ်။

မနေ့က ဒီဇင်ဘာ၁၄ရက်အထိ မန္တလေးတိုင်းအတွင်း ရောဂါဖြစ်ပွားသူ ၉၅၀၇ ယောက်၊ ဆေးရုံဆင်းပြီးသူ ၆၆၆၆ ယောက်၊ ဆေးရုံတက်နေဆဲ ၂၇၂၆ ယောက်နဲ့ သေဆုံးသူ ၁၁၅ ယောက်ရှိပါတယ်။

မြန်မာနိုင်ငံမှာ ပိုးကူးခံရသူ ၇၄ ရာခိုင်နှုန်းနဲ့ သေဆုံးသူ ၉၂.၇ ရာခိုင်နှုန်းဟာ ရန်ကုန်တိုင်းကဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာ ၁၁ ရက်နေ့က ပြောထားပါတယ်။ ရန်ကုန်တိုင်းကို ပိုးကူးစက်မှု မထိန်းချုပ်နိုင်တာဟာ နိုင်ငံအတွက် စိန်ခေါ်မှုဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနက လူစုလူဝေးမလုပ်ဖို့၊ ပွဲလန်းသဘင်မလုပ်ဖို့ ကိုဗစ်ထိန်းချုပ်ရေးအမိန့်ကို ဒီဇင်ဘာ ၃၀ ရက်အထိ သက်တမ်းတိုးထားပေမယ့် မြေပြင်မှာ ဒီစည်းကမ်းချက်ကို လိုက်နာသူတွေ နည်းနေပါတယ်။

လူဦးရေထူထပ်လွန်းတဲ့ စီးပွားရေးမြို့တော် ရန်ကုန်မှာတော့ အသွားအလာကန့်သတ်ဖို့ ကြိုးစားခဲ့ပေမယ့် အခုတော့ လမ်းပေါ်မှာ သွားလာမှု၊ လုပ်ငန်းခွင်ဝင်ရောက်မှုက တဖြည်းဖြည်း ပြန်လည်များပြားလာနေပါတယ်။ သွားလာကြတဲ့အခါ အများပြည်သူသုံး မော်တော်ယာဉ်ကို သုံးစွဲမှုကိုပဲ ရန်ကုန်မှာနေထိုင်သူ အများအပြားက အားကိုးနေရတာပါ။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဖြစ်ပွားမှု ကာလကြာရှည်လာတာ၊ ရွေးကောက်ပွဲမတိုင်ခင်နဲ့ ရွေးကောက်ပွဲပြီး လူစုလူဝေးတွေဖြစ်ပေါ်ခဲ့ပြီး လူထုတွေကြား ရောဂါ ပျံ့နှံ့နေသလဲဆိုတာကို ပြောဖို့ခက်တာကြောင့် ကပ်ဘေးမူဝါဒ ပြောင်းဖို့လိုပြီလို့ ကျန်းမာရေးအသိပညာမျှဝေနေတဲ့ ရန်ကုန်မြို့က စာရေးဆရာ ဒေါက်တာ ဖြိုးသီဟ ကပြောပါတယ်။

“ထိန်းချုပ်နိုင်မှုက မရှိသေးဘူး။ ဘယ်လောက်ထိ ပျံ့နှံ့နေသလဲဆိုတာ ပြောဖို့ခက်ခဲတယ်။ ထိန်းချုပ်နိုင်မှုအပိုင်းကတော့ အဆင်မပြေဘူး။ စည်းမျဉ်းစည်းကမ်းတွေကလည်း လက်ရှိအချိန်နဲ့ အံဝင်ခွင်ကျမဖြစ်ဘူး။ စည်းမျဉ်းစည်းကမ်းလေးတွေပြောင်းဖို့ ပြောချင်တာပါ။ အခုဆိုရင်ဘယ်လိုမှ သီးသန့်ခွဲထားပြီးလုပ်တဲ့ မူဝါဒနဲ့ မဖြစ်နိုင်တော့ဘူး။ ဘာလို့လဲဆိုတော့ လူစုလူဝေးလုပ်လိုက်ကတည်းကိုက ဘယ်နည်းနဲ့မှ ဒီလိုလုပ်လို့မရတော့ဘူး။ ဘာလို့လဲဆိုတော့ ဒီပိုးက လူ့အဖွဲ့အစည်းထဲမှာ အများကြီးရှိနေပြီ။ အနံ့ပျောက်သွားလို့ ဘယ်လိုလုပ်ရမလဲ။ ကျွန်တော်တို့ကို လာတိုင်ပင်ကြတဲ့သူတွေအများကြီးရှိတယ်။ တရားဝင်ဆေးရုံလာပါလို့ ပြောနေပေမယ့် တကယ်လက်တွေ့မှာ တချို့လုပ်မနေကြတော့ဘူး။ ဒါကအရှိတရားပဲ။ ဒါကိုအထက်ကလူကြီးတွေ သဘောပေါက်ဖို့ နားလည်စေချင်ပြီ။ မထိန်းနိုင်တော့ဘူးဆိုတဲ့ အနေအထားမျိုးဖြစ်လာတဲ့အခါမှာ ကာကွယ်ဆေးကလည်းရဖို့က တစ်နှစ်လောက်ကြာဦးမယ်။ ဒီကြားကာလမှာ စီးပွားရေးလည်း တတ်နိုင်သလောက် ပြန်စမယ်။ တဘက်ကလည်း လူစုလူဝေးမဖြစ်ဘဲနဲ့ ခြားပြီး အလုပ်လုပ်အောင် ဘယ်လိုစဉ်းစားပြီး ကြပ်မတ်မလဲဆိုတဲ့ ရှုထောင့်က ကြည့်စေချင်ပြီ"

ကူးစက်မှုတွေ လျော့ကျလာတာ မရှိသေးတဲ့ ရန်ကုန်တိုင်းကို ရောဂါကာကွယ်ထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီး စည်းမျဉ်းစည်းကမ်းတွေကို တင်းတင်းကျပ်ကျပ်ကိုင်တွယ်ဖို့ လိုအပ်တယ်လို့ ထောက်ပြသူတွေလည်း ရှိပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့နယ်မှာ ဆိုရင်လည်း ပိုးတွေ့လူနာ ၃၀၀ ကျော်ရှိပြီး တစ်ဦး သေဆုံးခဲ့ပါတယ်။ နေ့စဉ် ပိုးတွေ့လူနာ တိုးလာနေပြီး မထိန်းချုပ်နိုင်သေးတာကြောင့် ပြည်သူတွေ နှာခေါင်းစည်း တပ်ဆင်ကြတာမျိုးလို ပူးပေါင်းပါဝင်မှုကလည်း အရေးကြီးတယ်လို့ မြဝတီဆေးရုံအုပ် ဒေါက်တာ နန္ဒာဝင်းက ပြောပါတယ်။

"လက်ရှိအနေအထားက ထပ်တိုးနေတဲ့အတွက် မထိန်းချုပ်နိုင်သေးဘူးလို့ ယူဆရမယ်။ Mask မတပ်ရင် ဒဏ်တပ်တဲ့လုပ်ငန်းတွေ စတင်နေပြီ။ ရဲရယ်၊ စည်ပင်ရယ်၊ ထွေအုပ်ရယ် ပေါင်းပြီးလုပ်ပါတယ်။ ဒါတောင်မှ လူတွေက mask မတပ်ဘဲ သွားတဲ့လူတွေရှိနေဆဲပါပဲ။ ပြည်သူလူထုကိုယ်တိုင်က ဥပဒေတို့ ထိန်းကျောင်းမှုတို့ အကြောက်တရားထက်စာရင် အသိတရားရှိဖို့လိုမယ်လို့ထင်ပါတယ်။ ပြည်သူအားလုံး အသိတရားရှိမှပဲ ထိန်းချုပ်နိုင်မယ်လို့ထင်တယ်။ မဟုတ်ရင် ထိန်းချုပ်နိုင်ဖို့ မလွယ်ဘဲနဲ့ ဒီထက်ပိုပြီး ခက်ခဲမယ်လို့ သုံးသပ်ချင်ပါတယ်"

မြန်မာနိုင်ငံမှာ မနေ့ညကအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကြောင်း အတည်ပြုလူနာ ၁၀၉၅၁၂ ဦးရှိသွားပြီဖြစ်ပြီး သေဆုံးသူ ၂၂၉၂ ဦးရှိပါတယ်။ မြန်မာနိုင်ငံရဲ့ ဗိုင်းရပ်စ်ပိုးကူးစက်မှုက ကပ်ရောဂါစတင်ဖြစ်ပွါးခဲ့တဲ့ တရုတ်နိုင်ငံထက်ပိုများနေပြီး အရှေ့တောင်အာရှ အာဆီယံနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံရဲ့ ပိုးကူးစက်မှုနှုန်းက တတိယ အများဆုံးဖြစ်နေပါတယ်။

RFA Burmese