ကြံ့ခိုင်ရေးပါတီကို မဲပေးရန်တပ်တွင်း ဖိအားပေးခံရဟု ရေးသားခဲ့သူ မသဉ္ဇာသန်းမင်း၏အမှု အမိန့်ချမည်

01-Dec-2020

၂၀၂၀ ရွေးကောက်ပွဲကာလက ကြံ့ခိုင်ရေးပါတီကို မဲပေးဖို့  တပ်ထဲမှာ ဖိအားပေးခံရတယ်လို့ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ထုတ်ဖော်ရေးသားခဲ့တဲ့ မသဉ္ဇာသန်းမင်းကို ပခုက္ကူမြို့နယ် တရားရုံးမှာ ဒီကနေ့ ဒီဇင်ဘာလ ၁ ရက်နေ့မှာ PPE ဝတ်စုံနဲ့ ရုံးထုတ်စစ်ဆေးပါတယ်။

ပခုက္ကူမြို့နယ်မှာရှိတဲ့ အမှတ် ၂၃၅ ခြေလျင်တပ်ရင်းမှာ မိဘတွေနဲ့အတူ နေထိုင်သူ ၂၅ နှစ် အရွယ် မသဉ္ဇာသန်းမင်းဟာ ရွေးကောက်ပွဲကျင်းပဖို့ လပိုင်းအလို စက်တင်ဘာ ၂၃ ရက်နေ့က မဲပေးတာနဲ့ ပတ်သက်လို့ တပ်တွင်း ဖိအားပေးမှုတွေ ရှိတယ်လို့  ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်မှာ ရေးတင်ခဲ့တာပါ။

အဲ့ဒီလိုရေးတင်ခဲ့မှုကြောင့် တပ်မတော်အပေါ် အထင်အမြင်လွဲမှားစေတယ်ဆိုပြီး အမှတ် (၁၀၁) ခြေမြန်တပ်မဌာနချုပ်က ဒု ဗိုလ်မှူးကြီးအောင်ခိုင်ဝင်းက တရားလိုလုပ်ပြီး ပခုက္ကူ တရားရုံးမှာ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

မသဉ္ဇာသန်းမင်းကို အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) နဲ့ စွဲချက်တင်ကြောင်း နိုဝင်ဘာ ၂၅ ရက်နေ့ ရုံးချိန်းမှာ ပခုက္ကူမြို့နယ်တရားရုံးမှ အမိန့်ချမှတ်ထားတာပါ။ ဒီအမှုနဲ့ ပတ်သက်ပြီး ဒီအပတ် သောကြာနေ့ ဒီဇင်ဘာလ ၄ ရက်နေ့မှာ အမိန့်ချမှတ်မယ်လို့ ဒီကနေ့ တရားခွင်မှာ တရားသူကြီးက ပြောပါတယ်။

သတင်း – ခင်ပြည့်စုံဝင်း

DVB News