ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု ပိုမိုဆိုးဝါးလာနိုင်တယ်လို့ ဆရာဝန်တွေ သတိပေး

24-Nov-2020

မြန်မာပြည်မှာ ကိုဗစ် ၁၉ ကူးစက်မှု ဆက်လက်မြင့်မားနေပြီး လူထုအနေနဲ့ ညွှန်ကြားချက်တွေကို တိတိကျကျ မလိုက်နာရင် ပိုမိုဆိုးဝါးလာနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးလိုက်ပါတယ်။ ဒီအတောအတွင်း ရန်ကုန်မြို့မှာတော့ အောက်စီဂျင်လိုအပ်တဲ့ ကိုဗစ်-၁၉ လူနာတွေ တိုးပွားလာနေတာကို ကူညီမှုအဖြစ် HDU အရေးပေါ်ယာယီတိုးချဲ့ဆောင် တခုကို ပုဂ္ဂလိကကုမ္ပဏီတွေ ပူးပေါင်းပြီး မနေ့က လှူဒါန်းခဲ့ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ နိုဝင်ဘာလ ၂၃ ရက်နေ့အထိ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၈ သောင်းကျော်နဲ့ သေဆုံးသူ ၁၇၆၅ ဦး ရှိပါတယ်။ ပြီးခဲ့တဲ့ ၁ ရက်အတွင်း ရောဂါပိုးကူးစက်သူ ၁၂၅၉ ဦး ထပ်မံတွေ့ရှိခဲ့ပြီး သေဆုံးသူက ၂၆ ဦးရှိတယ်လို့ သိရပါတယ်။ ဒီရက်ပိုင်းအတွင်း နေ့စဉ်ကူးစက်သူ လူနာသစ် ၁ဝဝဝ ကျော်တွေ့နေရတဲ့အတွက် ဖြစ်ပွားမှုဆက်လက်မြင့်မားနေဆဲ သို့မဟုတ် ကျဆင်းသွားခြင်း မရှိသေးဘူးလို့ ဆိုရမှာဖြစ်ပါတယ်။

ရန်ကုန်မြို့မှာနေထိုင်တဲ့ စာရေးဆရာ ဆရာဝန် ဒေါက်တာကြည်ဇော်ဝင်း က ပြည်သူတွေအနေနဲ့ ညွှန်ကြားချက်တွေကို လိုက်နာမှုအားနည်းတဲ့အတွက် ဖြစ်ပွားမှု မြင့်မားနေတာပဲလို့ ဝေဖန်ပါတယ်။

“ လူနာတွေက အရမ်းများလွန်းတော့ အနံ့မရတဲ့လူနာတွေကို ဟိုတုန်းက ဆိုရင် Q ဝင်ခိုင်းတယ်လေ၊ အခုတော့ အိမ်မှာပဲ Home Stay နေပါဆိုတဲ့ အဆင့်လောက်ပဲ ထားနိုင်တယ်။ အရင်ကတော့ ရန်ကုန် ပထမ၊ ရခိုင် ဒုတိယ၊ ပဲခူးက တတိယ၊ မန္တလေးက စတုတ္ထ။ အခုက အခြေအနေပြောင်းသွားပြီ။ ရန်ကုန် ပထမ၊ မန္တလေးက ဒုတိယ၊ ပဲခူးက တတိယဖြစ်သွားပြီးတော့ ဧရာဝတီ နဲ့ မကွေးက စတုတ္ထ နဲ့ ပဥ္စမ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကတဆင့် လူစုလူဝေးက ပိုပြန့်တယ်လို့ ယူဆတယ်။ ရွေးကောက်ပွဲပြီးနောက် အောင်နိုင်ရေးတွေ လုပ်ကြတာတွေလည်း ပါတာပေါ့"

တဆက်တည်းမှာပဲ လုပ်ငန်းတွေ စက်ရုံတွေပြန်ဖွင့်ရင် ကိုဗစ် ၁၉ ဖြစ်ပွားမှုလည်း တိုးပွားလာနိုင်တဲ့အတွက် ပိတ်လိုက်ဖွင့်လိုက် အခြေအနေနဲ့လည်း ကြုံရနိုင်တယ်လို့ သူက ပြောပါတယ်။

ဒီအတွင်း ကိုဗစ် ၁၉ ကူးစက်ခံရပြီး အောက်စီဂျင် လိုအပ်တဲ့လူနာတွေအတွက် ကျပ်ငွေ သိန်း ၂ဝဝဝ တန်ဖိုးရှိ အရေးပေါ်ယာယီတိုးချဲ့ဆောင် HDU ( High Dependency Unit) တခုကို ရန်ကုန်ဆေးရုံကြီးရှေ့ ကားရပ်နားစခန်းနေရာမှာ ပုဂ္ဂလိကကုမ္ပဏီတွေ စုပေါင်းဆောက်လုပ်ပြီး လိုအပ်တဲ့ ကရိယာတွေနဲ့အတူ အစိုးရကို မနေ့က လှူဒါန်းခဲ့ရာမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ပြီး လက်ခံရယူခဲ့ပါတယ်။ ဧရာဟင်္သာ ဟိုးလ်ဒင်းကုမ္ပဏီလိမိတက် ညွန်ကြားရေးမှူး ဒေါက်တာ ကြည်သာက အဲဒီ ယာယီကုသဆောင်ကို ဧရာဟင်္သာဟိုးလ်ဒင်း ကုမ္ပဏီလိမိတက်၊ A Bank၊ ဝိတိုရိယဆေးရုံနဲ့ ပုသိမ်စက်မှုမြို့တော်စီမံကိန်းကုမ္ပဏီတို့ ပူးပေါင်းဆောက်လုပ်ပြီး လှူဒါန်းခဲ့တာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

“ ကိုဗစ်ဖြစ်တဲ့အခါ ရောဂါပြင်းထန်ရင် အောက်စီဂျင်ပေး ကုသမှု လိုတယ်ပေါ့နော်။ အဲဒီဟာက တခြားမှာ မရှိသေးဘူး။ အဲဒီအတွက်ကို သီးသန့်အရေးပေါ်ကုသဆောင် ကုတင် ၁ဝဝ ဆန့်ကို လှူဒါန်းတာဖြစ်ပါတယ်။ အဲဒါ သိန်း ၂ ထောင် ကုန်ကျပါတယ်။ ပြီးတော့ A Bank အနေနဲ့ ကျတော့ ရန်ကုန်ဆေးရုံကြီးနဲ့ ရန်ကုန်မြို့မှာရှိတဲ့ ဆရာဝန်တွေ သူနာပြုတွေအတွက် အထွေထွေ အသုံးစရိတ် ရန်ပုံငွေပေါ့။ သူက ဆေးပစ္စည်းတွေအတွက် မဟုတ်ဘူး။ ဒီဆရာဝန်တွေ သူနာပြုတွေ နေထိုင်စားသောက်ရေး သွားလာရေး လိုအပ်တဲ့နေရာမှာ သုံးဖို့အတွက်ကို A Bank အနေနဲ့ ကျပ် သိန်းတရာ၊ ဝိတိုရိယဆေးရုံက သိန်းတရာ စုစုပေါင်း နောက်ထပ် သိန်း ၂ဝဝ လှူဒါန်းပါတယ်”

တဆက်တည်းမှာပဲ ဒေါက်တာကြည်သာကလည်း ဒေါက်တာကြည်ဇော်ဝင်း နည်းတူ ဆေးရုံတွေ ကျန်းမာရေးပညာရှင်တွေဝန်ထမ်း ဦးရေတွေဟာ အကန့်အသတ်နဲ့ ရှိတာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ ကျန်းမာရေးသတိပေးချက်တွေကို မလိုက်နာရင် အခြေအနေတွေ ဆိုးဝါးလာနိုင်တယ်လို့ သတိပေးပါတယ်။

“အခုက လူတွေက ပြန်ပြီး အပြင်ထွက်လာကြပြီ။ ဒီတပတ် ၂ ပတ်အတွင်းမှာ လုပ်ငန်းတွေလည်း ပြန်လည်ပတ်လာတယ်။ လမ်းတွေမှာလည်း သွားလာလှုပ်ရှားနေကြတယ်ဆိုတော့ တိုးကောင်းတိုးလာနိုင်တယ်။ တဦးချင်းစီရဲ့ ဂရုစိုက်မှုတွေပေါ် မူတည်တယ်။ အစိုးရက ဘယ်လိုပဲထောက်ပံ့ ထောက်ပံ့၊ ကျနော်တို့ ပုဂ္ဂလိကတွေ ဘယ်လိုပဲ ဝန်းရံ ဝန်းရံ၊ အရေးကြီးဆုံးက တဦးချင်းစီရဲ့ ပါဝင်ပူးပေါင်းမှု နဲ့ လိုက်နာဆောင်ရွက်မှုက အရေးကြီးဆုံးဖြစ်ပါတယ်။”

ရန်ကုန်မြို့ရှိ ရှေ့နေကြီး ဦးရောဘတ်စန်းအောင်ကတော့ ပြည်သူတွေပူးပေါင်းပါဝင်မှု လိုအပ်သလို သက်ဆိုင်ရာအာဏာပိုင်တွေကလည်း အရေးယူမှုတွေ ပိုမိုတင်းကျပ်သင့်တယ်လို့ ပြောပါတယ်။

“ကျနော်တို့ ရှေ့နေတွေက ၃၅ ယောက် ကိုဗစ် ထိတယ်။ ၁ဝ ယောက်လောက် ကွယ်လွန်သွားကြပြီ။ ဒီ Mask တပ်ရေးကိစ္စကို လူတွေက ကြာတော့ ငြီးငွေ့လာကြတယ်။ ကြီးကြပ်မှုကလည်း အားနည်းတယ်။ ၁ဝ လပိုင်းတုန်းက Mask မတပ်တဲ့သူတွေကို ဒဏ်ငွေ ၂ဝဝ ရိုက်တယ်။ အခု နိုဝင်ဘာလဆန်းကစပြီး လုံးဝမလုပ်တော့ဘူး။ တွေ့ကို မတွေ့တော့ဘူး။ အရေးယူမှုကို တိတိကျကျ နေ့စဉ်ရက်ဆက် ၁ လလောက် လုပ်လိုက်ရင် အောင်မြင်သွားမယ်လို့ ယုံကြည်တယ်။ ပြည်သူပါ ပူးပေါင်းပါဝင်ဖို့ လိုနေတယ်။”

ကိုဗစ် ၁၉ ကာကွယ်တိုက်ဖျက်ရေးအတွက် ပုဂ္ဂလိက ဆေးရုံတွေနဲ့ အစိုးရ ကျန်းမာရေးဝန်ကြီးဌာန ပူးပေါင်းဆောင်ရွက်ဖို့ အစည်းအဝေးတခုကို ဒီအပတ်အတွင်း ရန်ကုန်မြို့မှာ ကျင်းပဖို့ ရှိပါတယ်။ ကိုဗစ် ၁၉ ဗိုင်းရပ်စ်ပိုး စစ်ဆေးမှုနဲ့ ကုသမှုတွေကို ပုဂ္ဂလိကဆေးရုံတွေမှာ အစိုးရက ခွင့်ပြုတော့မှာဖြစ်ပြီး လက်ရှိမှာ ပုဂ္ဂလိကဆေးရုံ ၂ ခုက ကိုဗစ်လူနာတွေကို လက်ခံကုသဖို့ အဆင်သင့်ရှိပြီလို့ ဆိုပါတယ်။ ကျန်ဆေးရုံတချို့ကတော့ ပိုးရှိမရှိစစ်ဆေးပြီး ထပ်ဆင့်လွှဲပြောင်းပေးမယ့် ဝန်ဆောင်မှုကိုပဲ လက်ရှိမှာ ဆောင်ရွက်နိုင်မယ်လို့ သိရပါတယ်။

Crd RFA