ကပ်ဘေးညွှန်ကြားချက် သက်တမ်းတိုးမှု ဝေဖန်ခံနေရ

31-Dec-2020

သန့်ဇင်ဦး

အစိုးရက ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ထုတ်ပြန်ထားတဲ့ နေအိမ်မှာပဲနေထိုင်ဖို့ ပြည်သူသို့ ပန်ကြားချက်၊ အမိန့်၊ ညွှန်ကြားချက်တွေကို ဇန်နဝါရီလကုန်အထိ တိုးမြှင့်သတ်မှတ်တယ်လို့ အစိုးရ ကိုဗစ် ဗဟိုကော်မတီက ဒီဇင်ဘာလ ၂၉ ရက်ညမှာပဲ ထပ်ပြီးကြေညာလိုက်တာမို့ အသေးစားစီးပွားရေးလုပ်ငန်းရှင်တွေ အခက်အခဲ တွေ့နေရတာပါ။

ဇန်နဝါရီလ ၁ ရက်နေ့မှာ ကဏ္ဍအားလုံးနီးပါး ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွန်ကြားချက်တွေနဲ့အညီ ပါဆယ်စနစ်နဲ့ ရောင်းချနေရတဲ့ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်တွေကို ပြန်ဖွင့်မယ်လို့ မျှော်လင့်ပြီး ပြင်ဆင်ထားသူတွေ တော်တော်များများရှိနေပါတယ်။

ကိုဗစ်ကို တဘက်က ကျန်းမာရေးအသိပညာတွေနဲ့ ကာကွယ်ရင်း စီးပွားရေးလုပ်ငန်းတွေလည်း ပြန်စတင်ဖို့ လိုနေပြီလို့ ကျန်းမာရေးအသိပညာမျှဝေနေတဲ့ စာရေးဆရာ ဒေါက်တာဖြိုးသီဟ ပြောပါတယ်။

"ပိတ်သာပိတ်နေတယ် တကယ့်တကယ်မြေပြင်မှာလည်း အပြင်မထွက်တော့တာတွေ ဘာတွေလည်း လုပ်မနေကြဘူးပေါ့နော်၊ ဒါပေမဲ့ ဆိုင်တွေသာပိတ်တာ လုပ်ငန်းတွေသာ ရပ်တာဆိုတာမျိုးဖြစ်နေ ကြတာပေါ့၊ နောက်တစ်ခုက ဌာနအချင်းချင်းမှာပဲ ညှိနှိုင်းဆောင်ရွက်မှုတွေ အားနည်းနေသလားပေါ့၊ ကျွန်တော်တို့ကတော့ ဖြေလျှော့လာတာ ကျူစင်တာတွေမှာ မထားတော့တာ ထစ်ခနဲဆို ဆေးရုံတင်တာ မလုပ်တော့တာတွေဟာ ကောင်းတဲ့ဟာပဲ၊ ကျွန်တော်တို့ကတော့ အကုန်လုံးပြန်ပြီးတော့ ဖွင့်ကြမယ် စီးပွားရေးတွေပြန်ပြီးတော့ စကြမယ်၊ တစ်ဖက်ကလည်း ကိုဗစ်ကိုကာကွယ်တဲ့ဟာလေးတွေ ဆက်လုပ် ကြမယ်ပေါ့၊ အဲလိုပုံစံ New Normal ပုံစံလေးနဲ့သွားတာကို ဖြစ်စေချင်တယ်၊ အဲလိုမဟုတ်ဘဲနဲ့ ဆက်လုပ် နေရင်တော့ စီးပွားရေးတွေ အကြီးအကျယ်ထိခိုက်နိုင်တယ်၊ အခုဆိုရင်လည်းဖြစ်တာ ကိုးလလောက် ရှိတဲ့အခါမှာ စီးပွားရေးတွေလည်းထိတာ တော်တော်လေးကြာနေပြီ၊ နဂိုကတည်းကမှ စီးပွားရေးမှာ အားနည်းချက်ရှိထားပြီးသား နိုင်ငံဆိုတော့ အလားအလာအားဖြင့်က အဆင်မပြေဘူးပေါ့နော်၊ အဲတော့ ကိုဗစ်ကိုတဘက်က ကာကွယ်တဲ့ဟာလည်းလုပ် တဘက်ကလည်း စီးပွားရေးကိစ္စတွေ ပြန်စရတော့မယ့် အနေအထားလို့ မြင်ပါတယ်။"

ကျန်းမာရေးဝန်ကြီးဌာနရဲ့ စည်းကမ်းတွေနဲ့နေလာကြတဲ့ ပြည်သူတွေ စားဝတ်နေရေး အခက်အခဲတွေရှိ လာနေကြသလို ဝန်ထမ်းတွေနဲ့လုပ်ကိုင်ရတဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ၊ ပါဆယ်စနစ်နဲ့ ပဲ ရောင်းချနေရသူတွေဟာ အစိုးရရဲ့ အခုလိုသက်တမ်းတိုး အမိန့်တွေကြား ကိုးလကြာနေပြီမို့ အခက်အခဲ ဖြစ်နေကြပါပြီ။

စားသောက်ဆိုင်ခွဲတွေ တော်တော်များများဖွင့်ထားတဲ့ ရွှေကောင်းကြွယ် မိသားစုလုပ်ငန်း ရှယ်ယာရှင် ဦးကြည်ဝင်းက ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွန်ကြားချက်တွေနဲ့အညီ ပြန်ဖွင်ခွင့်ရဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

"ရှေ့ဖွင့်လာနိုင်တဲ့ တစ်လ နှစ်လလောက်ဆိုရင် ဖွင့်မလား ဖွင့်မလားဆိုပြီး မျှော်လင့်ချက်နဲ့ တောင့်ခံ ပြီးတော့ ရပ်တည်နေတဲ့သဘောပါပဲ၊ ဒီအတိုင်းဆက်သွားမယ်ဆိုရင်တော့ နောက်ထပ်နှစ်လ သုံးလထက် မပိုဘူးထင်ပါတယ်၊ အဲဒါဆိုရင်တော့ တော်တော်များများပြိုလဲမယ့်သဘောရှိနေတယ်လို့ ကျွန်တော် သုံးသပ်မိပါတယ်၊ ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း ဖွင့်ခွင့်ရ မယ်ဆိုရင်တော့ အတိုင်းလက်အလွန်ပဲလို့ ကျွန်တော်သုံးသပ်မိပါတယ်။"

ဒီအထဲမှာ ကပ်ရောဂါစဖြစ်ကတည်းက ရပ်နားသွားရတဲ့ ခရီးသွားလုပ်ငန်းလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။

ခရီးသွားလုပ်ငန်းဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်နေတဲ့ ဦးစိုးပိုင်ကလည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ စည်းကမ်း တွေနဲ့အညီ ခရီးသွားလုပ်ငန်းတွေ ပြန်ဖွင့်စေချင်နေပြီလို့ ပြောပါတယ်။

"ရောက်တာမှ ဒုက္ခက အကြီးအကျယ်ကိုရောက်နေတာ ဘယ်လိုလဲဆိုတော့ ခရီးသွားလုပ်ငန်းက ရှေ့ဆုံးက တန်းပြီးထိတာကိုး၊ ဖြစ်နိုင်မယ်ဆိုရင်တော့ စည်းကမ်းချက်တွေနဲ့အညီ ပြန်ပြီးတော့ ဖွင့်စေ ချင်တာပေါ့၊ အခုဆိုရင် ရပ်ထားတာတွေက အရမ်းများနေပြီလေ၊ စားသောက်ဆိုင်၊ ဟိုတယ် အကုန်လုံး ရပ်နေတဲ့အခါကျတော့ ဘာမှလုပ်လို့မရဘူး၊ အခုဆိုရင်ဗျာ ရှစ်လကျော်သွားပြီ ကိုးလထဲရောက်လာပြီ၊ ကျွန်တော်တို့ကတော့ အခြားနိုင်ငံတွေလိုပဲ သတ်မှတ်ချက်တွေနဲ့အညီ ပြန်ပြီးဖွင့်စေချင်တာပေါ့၊ ဒီအတိုင်း ဆိုရင် ဘယ်သူက ဘယ်လောက် ရေရှည်တောင့်ခံနိုင်မှာလဲ မခံနိုင်တော့ဘူး"

ပြည်ပခရီးသွားလုပ်ငန်းတွေ ပြန်မဖွင့်သေးရင်တောင် ပြည်တွင်းခရီးသွားလုပ်ငန်းတွေ ပြန်ဖွင့်ပေးမှသာ ဒီလုပ်ငန်းအပေါ် မှီခိုနေကြတဲ့ စားသောက်ဆိုင်အပါဝင် အခြားသောလုပ်ငန်းလုပ်ကိုင်သူတွေ အဆင်ပြေ မှာဖြစ်တယ်လို့ ဦးစိုးပိုင်က ဆိုပါတယ်။

အစိုးရက ခန့်မှန်းထုတ်ပြန်ထားချက်အရဆိုရင် ကိုဗစ်ကပ်ရောဂါကြောင့် မြန်မာ့ခရီးသွားလုပ်ငန်းဟာ ဝင်ငွေ ဒေါ်လာ သန်းနှစ်ထောင်ကျော်ခန့် ထိခိုက်သွားတယ်လို့ ဆိုပါတယ်။

ကိုဗစ်ဟာ နှစ်နဲ့ချီပြီးရှိနေနိုင်တာမို့ ပိတ်ပင်ကန့်သတ်တာတွေဟာ အဖြေမဟုတ်ဘူးလို့ စီးပွားရေးလုပ်ငန်းရှင် ဦးနေလင်းဇင်က ပြောပါတယ်။

"အမိန့်ကြေညာချက်တွေသာ ထုတ်ထားတာ အောက်ခြေမှာတော့ ဘယ်သူမှ ကိုဗစ်စည်းကမ်းချက်တွေကို လိုက်နာနေတဲ့ အနေအထားမှာမရှိဘူး၊ ဥပမာ ဘတ်စ်ကားတွေ သွားနေကြတယ်၊ ဈေးဝယ်နေတဲ့နေရာ တွေမှာ ကြိတ်ကြိတ်တိုးသွားနေကြတယ်၊ အဲဒီနေရာတွေမှာ ကူးမယ်ဆို ကူးစရာများကြီးမှာမှ ဒီလိုမျိုး လိုက်ပြီး တချို့နေရာတွေကို တမင်တကာလိုက်ကန့်သတ်တာ ပိတ်နေတာတွေက ကျွန်တော်တို့ရဲ့ တိုင်းပြည်မှာရှိတဲ့ ဦးဆောင်သူတွေရဲ့ လော့ဂျစ်နည်းနည်းအောက်နေသလားပေါ့၊ အခုအောက်ခြေမှာ ငါးထောင်၊ တစ်သောင်း လှည့်ချေးနေတဲ့သူတွေအများကြီးပဲ၊ ပိတ်ထားခြင်းရဲ့ အကျိုးဆက်က ဘယ် လောက်အထိ သက်ရောက်သလဲပေါ့၊ ကျွန်တော်တို့တွေဟာ သေချာတာကတော့ ကိုဗစ်နဲ့ နှစ်နှစ်လည်း ကြာသွားနိုင်တယ်၊ သုံးနှစ်လည်းကြာသွားနိုင်တယ်၊ ဒါပေမဲ့ အဲဒီနှစ်နှစ်၊ သုံးနှစ်လုံးကို ဒီအတိုင်းပဲ ပိတ်ထားမလားပေါ့နော်၊ ဒီလိုမျိုးပိတ်ဆို့ခြင်းဟာ ကျွန်တော်တို့နိုင်ငံအတွက် အဖြေ မဟုတ်ဘူး။"

အလတ်စား၊ အသေးစားလုပ်ငန်းတွေ အပါအဝင် စီးပွားရေးလုပ်ငန်းတွေ ပိတ်တာ၊ ဝန်ထမ်းတွေလျှော့တာ၊ အဲဒီလုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ အခြေခံလူတန်းစားတွေများစွာ အလုပ်တွေပြုတ်ကုန်တာ စတဲ့ အခက် အခဲပေါင်းများစွာကို နိုင်ငံကိုဦးဆောင်နေတဲ့သူတွေ ထိမိသိမိဖို့လိုတယ်လို့လည်း ဦးနေလင်းဇင်က ဆိုပါတယ်။

တစ်နိုင်ငံလုံးမှာ ကိုဗစ်ရောဂါကူးစက်မှု အများဆုံးဖြစ်တဲ့ ရန်ကုန်တိုင်းမှာလည်း နေ့စဉ်ပိုးတွေ့လူနာ လျော့နည်းလာတဲ့အတွက် တောင်ဒဂုံ ယဉ်ကျေးမှုတက္ကသိုလ်မှာရှိတဲ့ အသွားအလာစောင့်ကြည့်စင်တာနဲ့ ရန်ကင်းပညာရေးကောလိပ်မှာဖွင့်ထားတဲ့ အသွားအလာစောင့်ကြည့်စင်တာတွေကို ကျန်းမာရေးဝန်ကြီး ဌာနက ယာယီပိတ်လိုက်တာရှိပါတယ်။

ဒီဇင်ဘာလ ၂၇ ရက်နေ့စပြီး ရန်ကုန်တိုင်းဒေသကြီးအပါအဝင် ပြည်နယ်တိုင်းအသီးသီးရဲ့ နေအိမ်မှာနေထိုင်ဖို့ သတ်မှတ်ထားတဲ့ မြို့နယ်တွေထဲက တချို့မြို့နယ်တွေကိုလည်း ရောဂါကူးစက်မှု လျော့နည်းလာတဲ့အတွက် နေအိမ်မှာနေထိုင်ရေး Stay at Home အစီအစဉ်ကနေ ပယ်ဖျက်ပေးခဲ့ပါတယ်။

ဒါကြောင့် အစိုးရအနေနဲ့လည်း သက်တမ်းထပ်တိုးပြီး အရင်လိုပိတ်ထားနေတာမလုပ်ဘဲ ပြောင်းလဲသင့်ပြီလို့ ဒေါက်တာဖြိုးသီဟက အကြံပြုပါတယ်။

"ဘာပဲပြောပြော ဒီ Knowledge အသိပညာနဲ့ဆိုင်တဲ့ကိစ္စတွေကတော့ အိမ်ကနေလုပ်တယ်ဆိုတာ ရှိသေးတယ်လေ၊ ဒါပေမဲ့လည်း အခြေခံလူတန်းစားတွေကျတော့ ဒီလိုမျိုးလုပ်လို့မရဘူးလေ၊ မရတဲ့ အခါကျတော့ စီးပွားရေးတွေက ထိခိုက်လာတာပေါ့၊ နောက်တစ်ခုကတော့ ဒီကိုဗစ်မှာပဲ ပုံအောပြီးတော့ ကျန်းမာရေးကိစ္စတွေ လုပ်ထားတဲ့အခါဆိုတော့ တခြားကျန်းမာရေးရောဂါ ဖြစ်နေတဲ့သူတွေမှာတော့ အခက်အခဲတွေအများကြီးဖြစ်ခဲ့တာပေါ့လေ၊ ကိုဗစ်မဟုတ်တဲ့လူနာတွေမှာ ဘယ်သွားလို့သွားရမှန်းမသိ ဖြစ်တယ်၊ ဒါကြီးကတောက်လျှောက်ဖြစ်တယ်၊ အဲတော့ ပြောင်းလဲဖို့လိုပြီ၊ ပြောင်းလဲဖို့တော့ ကျန်းမာရေး ဝန်ကြီးဌာနက စာထုတ်တယ်၊ ဒါပေမဲ့လည်း ရက်ထပ်တိုးတယ်ဆိုတာမျိုးက ကိုဗစ်ကော်မတီက ထုတ်ပြန် တယ်၊ ဆိုတော့ တစ်မျိုးစီဖြစ်နေတာပေါ့နော်၊ ဆိုတော့ အရင်လိုမပြောင်းလဲဘဲနဲ့ ဆက်ပြီးတော့ ပိတ်ထား ဦးမယ်၊ စီးပွားရေးတွေ ပြန်စဖို့မလုပ်သေးဘူးဆိုရင်တော့ ခုနကဖြစ်နေတဲ့ ပြဿနာ နှစ်ရပ်က ဆက်ဖြစ် ဦးမယ်လို့ မြင်ပါတယ်။"

ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉) ရောဂါဟာ တစ်ကမ္ဘာလုံးဖြစ်နေတဲ့ ကပ်ရောဂါဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း နောက်ထပ်နှစ်နဲ့ချီပြီး လူတွေကြားထဲမှာ ကျန်ရှိနေနိုင်တဲ့အတွက် စီးပွားရေးလုပ်ငန်းတွေ အပါအဝင် ကဏ္ဍ အားလုံးဟာ ကိုဗစ်နဲ့အတူယှဉ်တွဲနေထိုင်ပြီး ပြန်လည်စတင်နိုင်ရေးစဉ်းစားဖို့ လိုနေပြီလို့ ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဟာ နောက်နှစ်တွေနှစ်တွေမှာလည်း ရာသီတုပ်ကွေးပုံစံမျိုးနဲ့ ရှိနေနိုင်တယ်လို့ ပညာရှင်တွေ သုံးသပ်ထားတဲ့အတွက် စည်းကမ်တွေလိုက်နာပြီး ကိုဗစ်နဲ့ယှဉ်တွဲနေထိုင်ဖို့ ပြင်ဆင်ထားရတော့မယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက RFA ကို ပြောထားပါတယ်။

ဒါကြောင့် အခြေခံလူတန်းစား ပြည်သူတွေနဲ့ စားသောက်ဆိုင်တွေအပါအဝင် ပိတ်ထားကြရတဲ့ လုပ်ငန်း တော်တော်များများကတော့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွန်ကြားချက်တွေနဲ့အညီ ပြန်ဖွင့်ခွင့်ရဖို့ မျှော်လင့်နေကြပါတယ်။

RFA