ကပ်ဘေးကာလတွင်း ထိုင်းဘက်ခိုးဝင် မြန်မာတွေ မကြာခဏ ဖမ်းခံရ

23-Nov-2020

ထိုင်း-မြန်မာနယ်စပ် ထိုင်းတောင်ပိုင်း ပကျွတ်ကရိန်ကန်ခရိုင်နဲ့ ချင်းရိုင်ခရိုင်အတွင်းမှာ နိုဝင်ဘာလ ၂၀ ရက်နဲ့ ၂၁ ရက်ညတွေမှာ လူကုန်ကူးသမားတွေ ခေါ်လာတဲ့ မြန်မာနိုင်ငံသား ၂၀ ကျော် ဖမ်းမိခဲ့ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

ထိုင်းတောင်ပိုင်း ပကျွတ်ကရိန်ကန်ခရိုင်မှာတော့ နိုဝင်ဘာလ ၂၁ ရက်နေ့ ညက လူမှောင်ခိုသမားတွေနဲ့ ဆက်သွယ်ပြီး ထိုင်းနိုင်ငံအတွင်း တောလမ်းက ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၂ ဦးကို ထိုင်းလဝကနဲ့ နယ်ခြားစောင့်တပ်တွေက ဖမ်းဆီးလိုက်ကြောင်း AAC အလုပ်သမားကူညီရေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုရဲမင်းက ပြောပါတယ်။

“ခေါ်လာတာက မြန်မာနိုင်ငံသား ၁၂ ဦးပေါ့၊ ထိုင်းကို အလုပ်လုပ်ချင်တဲ့သူတွေကို တရားမဝင်လမ်းက ခေါ်လာတာ။ ဖမ်းဆီးတာက အောင်နွိုင်ကျေးရွာ ရာဘာသစ်တောမှာ ဖမ်းဆီးမိခဲ့တာပါ။ ဖူးခက်ခရိုင်အတွင်းမှာ အလုပ်သွင်းပေးမယ်ဆိုပြီး တဦးကို ဘတ်ငွေ ၆,၅၀၀ နဲ့ လူကုန်ကူးသမားတွေက လာခေါ်လာတာပါ။ ထိုင်းဘက်က ဘယ်လောက်တင်းတင်းကျပ်ကျပ် နယ်စပ်တွေမှာ လုံခြုံရေးအတွက် ထိုင်းရဲတွေက ညကင်းတွေ လှည့်ကင်းတွေ ချထားပေမယ့် ထိုင်းမြောက်ပိုင်းမှာလည်း လူ ၁၀ ဦးကျော် ဖမ်းမိတယ်လို့ သိရတယ်။”

ကိုဗစ်ကာလမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ အခက်အခဲ ဖြစ်နေကြတာကို အကြောင်းပြုပြီး လူပွဲစားတွေက လူမှောင်ခိုကူးတာတွေကို ဆက်တိုက်လုပ်လာတယ်လို့လည်း ကိုရဲမင်းက ပြောပြပါတယ်။

“အဓိကတော့ လူမှောင်ခို လူပွဲစားတွေက ငွေတွေကြိုကောက်ခံ၊ လူကယ်ရီခ ပွဲစားခတွေယူပြီး ပို့တာပဲ။ အဖမ်းခံရရင် သူတို့က ထွက်ပြေးကြတယ်။ မြန်မာအလုပ်သမားတွေပဲ ခံရတယ်။ ပြီးတော့ ကိုဗစ် အရေးပေါ်စီမံချက် အက်ဥပဒေနဲ့ ထောင်ကျတာ၊ အရေးယူခံရတာ၊ နောက်ဆုံး မြန်မာပြည်ပြန်ပို့တာတွေ ခံရတယ်။ ကိုဗစ်အရေးပေါ်ကာလမှာ ထိုင်းနိုင်ငံကို ခိုးဝင်သူတွေကိုတော့ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး ဥပဒေနဲ့ပါ အရေးယူတာတွေ ရှိနေပါတယ်။”

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လထဲမှာ ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာတဝန်းက လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံဟာ လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် ထိထိရောက်ရောက် ဆောင်ရွက်မှုမရှိတဲ့ အနိမ့်ဆုံးအဆင့် နိုင်ငံစာရင်းမှာ ထည့်သွင်းဖော်ပြခဲ့တာပါ။

မြန်မာလူမျိုးတွေနဲ့ ဆက်စပ်ပြီး လူကုန်ကူးမှု အများဆုံးဖြစ်နေတဲ့ ထိုင်းနိုင်ငံကတော့ Tire 2 စောင့်ကြည့်အဆင့်ထဲမှာပဲ ထည့်သွင်းထားဆဲ ဖြစ်ပါတယ်။

Crd VOA News