ကန်သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲ လူစုလူဝေးနဲ့မလုပ်ဖို့ စီစဉ်နေ

05-Dec-2020

အမေရိကန်ရွေးကောက်ခံသမ္မတ Joe Biden က ဗိုင်းရပ်စ်ကူးစက်မှုတွေကို မပြန့်ပွားရအောင် သူ့ရဲ့ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို လူဦးရေလျှော့ပြီး ကျင်းပသွားဖို့ စီစဉ်နေတယ်လို့ သောကြာနေ့က ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၄ နှစ်တုန်းကတော့ သမ္မတ Trump က သူ့ရဲ့ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲ လာတက်တဲ့ လူအရေအတွက်နဲ့ ပတ်သက်ပြီး အချေအတင် အငြင်းအခုန်တွေ ဖြစ်ခဲ့ဖူးတာကြောင့် အခုတကြိမ်က အဲဒါနဲ့ သိသိသာသာ ကွဲပြားနေတာ ဖြစ်ပါတယ်။

အမေရိကန်လွှတ်တော်မှာလည်း ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနား လုပ်ဖို့အတွက် စင်မြင့်တည်ဆောက်နေပြီး သူ့အနေနဲ့ လာမယ့် ဇန်နဝါရီ ၂၀ ရက်နေ့မှာ ကျမ်းသစ္စာကျိန်ဆိုဖို့ မျှော်လင့်ထားတယ်လို့ Joe Biden က ပြောပါတယ်။ ဒါပေမယ့်လည်း အစဉ်အလာအတိုင်း လွှတ်တော်အနောက်ဘက် အမျိုးသားရင်ပြင်နဲ့ ပန်ဆယ်လ်ဗေးနီးယား လမ်းမတလျှောက်မှာ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားနဲ့ စီတန်းလှည့်လည်တာတွေကို ကြည့်ဖို့အတွက် လူထုစုဝေးမှုတွေ လုပ်တာကို ရှောင်ရှားချင်တယ်လို့ ပြောပါတယ်။

"ကျနော်ခန့်မှန်းတာကတော့ ပန်ဆယ်ဗေးနီးယား လမ်းတလျှောက်မှာ ကျမ်းသစ္စာကျိန်ဆိုပွဲအတွက် ကြီးကြီးမားမား စီတန်းလှည့်လည်တာတွေ မရှိဖို့ များပါတယ်၊ ဒါပေမယ့်လည်း အမေရိကန်နိုင်ငံတဝန်းမှာတော့ အင်တာနက်အွန်လိုင်းတွေ ရုပ်သံတွေကနေတဆင့် ကြည့်ပြီးတော့ ပါဝင်ဆင်နွှဲတာတွေကို အများအပြား တွေ့ရမှာဖြစ်ပြီး အရင်ကထက် လူတွေ ပိုများမယ်လို့ ထင်ပါတယ်" လို့ Joe Biden က Delaware ပြည်နယ် Wilminton ကနေ ပြောကြားလိုက်ပါတယ်။

VOA News