ကန်-သြစတြေးလျ အသံထက် ၅ဆမြန် ဒုံးကျဉ်ထုတ်လုပ်ရေး တရုတ်ဝေဖန်

04-Dec-2020

သြစတြေးလျနိုင်ငံအနေနဲ့ အမေရိကန်နဲ့ပေါင်းပြီး အသံထက်မြန်တဲ့ မစ်ဆိုင်းဒုံးကျည်ထုတ်လုပ်ဖို့ လုပ်နေတာက၊ လက်နက်ချဲ့ထွင်ရေးအတွက် ဆင်ခြေပေးတာပါလို့ တရုတ်နိုင်ငံခြားရေးပြောခွင့်ရက ဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ Hua Chunying အနေနဲ့ မနေ့က သတင်းစာ ရှင်းလင်းပွဲလုပ်ရာမှာ၊ သြစတြေးလျ ကာကွယ်ရေးဝန်ကြီး Linda Reynolds အင်္ဂါနေ့ကပြောခဲ့တဲ့ အသံထက် ၅ ဆမြန်တဲ့ ဒီ မစ်ဆိုင်းဒုံး ထုတ်ဖို့နဲ့စမ်းသပ်ဖို့ရှိကြောင်းပြောကြားချက်အပြီး၊ ခုလိုတုံ့ပြန်ပြောလိုက်တာပါ။

တရုတ်နဲ့ ရုရှားတို့က အလားတူလက်နက်တွေလုပ်နေတယ်လို့ စွပ်စွဲမူတွေရှိနေချိန်မှာ၊ သြစတြေးလျဘက်ကလည်း တုံ့ပြန်တဲ့သဘော၊ အခုအစီအစဉ်ကို အမေရိကန်နဲ့ သဘောတူစာချုပ်သစ် အောက်မှာ ကြိုးပမ်းနေတယ်လို့ ထုတ်ပြန်ခဲ့တာပါ။

ဒီတရုတ်နိုင်ငံခြားရေးပြောခွင့်ရကပဲ၊ မကြာခင်နှစ်တွေအတွင်း အမေရိကန်အနေနဲ့ ဒီအသံထက်မြန်တဲ့ လက်နက်တွေထုတ်ဖို့ဦးဆောင်ခဲ့တာကြောင့် ဒီလက်နက်အပြိုင် ထုတ်လုပ်မူတွေပြင်းထန်လာပြီး၊ ကမ္ဘာ့လုံခြုံရေးကို ပြင်းပြင်းထန်ထန်ထိခိုက်စေခဲ့တယ်လို့ ဆိုလိုက်ပါတယ်။

ဒီပြောခွင့်ရ Hua Chunying က ဆက်ပြီး၊ သြစတြေးလျအနေနဲ့လည်း အမေရိကန်နောက်ကကပ်လိုက်ပြီး၊ တရုတ်နဲ့ ရုရှားခြိမ်းခြောက်မူသီအိုရီတွေ လုပ်ကြံဖန်တီးကာ၊ ဒီလက်နက်ထုတ်ဖို့ ဆင်ခြေတက်ခဲ့တာကြောင့်၊ ကမ္ဘာနဲ့အာရှဒေသတွင်းမှာ မတည်မငြိမ်မူတွေ တိုးလာစေခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တရုတ်ရဲ့ နိုင်ငံတော်ကာကွယ်ရေးမူဝါဒဟာ ခုခံကာကွယ်တဲ့ သဘောသာဝအဖြစ်သာ လုပ်ဆောင်နေပြီး၊ စစ်ရေးပြင်ဆင်မူတွေက ဘယ်နိုင်ငံကိုမှ ပစ်မှတ်ထားတာမရှိဘူးလို့ ဒီပြောခွင့်ရအမျိုးသမီးက ဆိုခဲ့ပါတယ် ။

VOA News