ဒေါ်အောင်ဆန်းစုကြည်ကို လူထုကတခဲနက်ထောက်ခံကြတာ ဘာကြောင့်လဲ

18-Nov-2020

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာမျက်နှာစာမှာ အဝေဖန်ခံနေရပေမဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာတော့ လူထုထောက်ခံမှု ရာနှုန်းပြည့်နီးပါးနဲ့ အောင်နိုင်ခဲ့ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ NLD က ၈၃ ရာခိုင်နှုန်း အနိုင်ရခဲ့ပါတယ်။ ပြည်ထောင်စုလွှတ်တော်မှာ အမတ်နေရာ ၃၉၆ နေရာ ရလာတဲ့အတွက် အရင် ၂၀၁၅ ရွေးကောက်ပွဲထက် လူထုထောက်ခံမှုကို ပိုမိုရရှိခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ရွေးကောက်ပွဲမတိုင်ခင်ကတော့ ကိုဗစ်ဖြစ်နေတဲ့အတွက် မဲပေးသူနည်းသွားနိုင်တယ်၊  NLD ကလဲ ၂၀၁၅ လောက် ကိုယ်စားလှယ်ဦးရေ မရနိုင်ဘူး ဆိုတဲ့ ပြည်တွင်းပြည်ပယူဆချက်တွေလဲ ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၅ နှစ်တာ သက်တမ်းအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေးကိစ္စတွေကို ရပ်တည်ဆောင်ရွက်ခြင်းမရှိဘူးဆိုပြီး  နိုင်ငံတကာက  ပြစ်တင်ပြောဆိုမှုတွေ နဲ့ အတူ သူ့ကို ချီးမြှင့်ခဲ့တဲ့ဆုတွေ  ပြန်လည်ရုပ်သိမ်းတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါ့အပြင် ပြည်တွင်းမှာရှိတဲ့ ပါတီအဖွဲ့အစည်းတချို့ကလဲ ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြစ်တင်စွပ်စွဲမှုတွေ အများအပြားရှိခဲ့ပါတယ်။

ဒီလို ပြည်တွင်းပြည်ပ ပြစ်တင်ဝေဖန်မှုတွေကြားကဘဲ  ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD ပါတီကို  ပြည်သူလူထုက တခဲနက် ထောက်ခံခဲ့တာ ဘာကြောင့်ပါလဲ ။

အမေရိကန်ပြည်ထောင်စု အင်ဒီးယားနားပြည်နယ် အင်ဒီယားနားပုလစ်မြို့က မြန်မာ့အရေးလေ့လာသူ ဒေါက်တာတင့်ဆွေက မဲပေးခွင့်ရသူ မြန်မာပြည်သူလူထုရဲ့ နိုင်ငံရေးအသိဟာ ၁၉၉၀ နဲ့ ၂၀၁၅ ထက်ပိုပြီး ကျယ်ပြန့်လာတာကြောင့်လို့ ယူဆပါတယ်။ နိုင်ငံတကာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်ဟာ လွန်ခဲ့တဲ့ ၅ နှစ်အတွင်းမှာ ပုံရိပ်ကျဆင်းခဲ့ရပြီး ပြစ်တင်ဝေဖန်မှုတွေကြုံခဲ့ရပေမဲ့ အဲဒီကာလ အားနည်းချက်တွေကို သင်ခန်းစာယူပြီး NLD က ပိုပြီးကောင်းတဲ့ ၅ နှစ်တာခရီးကို ဆောင်ရွက်ကြလိမ့်မယ်လို့ မြင်ကြောင်း ပြောပါတယ်။

နော်ဝေးမှာ နေထိုင်တဲ့ လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးကလဲ ဒေါ်အောင်ဆန်းစုကြည်ဟာ ရခိုင်မှာဖြစ်တဲ့ ကိစ္စတွေ ဘင်္ဂါလီတွေ ပြန်လည်လက်ခံဖို့ ကိစ္စတွေ၊ တိုင်းရင်းသားဒေသတွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို  ထိထိရောက်ရောက် မဆောင်ရွက်နိုင်တာတွေကြောင့် ဆုတွေပြန်ရုပ်သိမ်းတာတွေ ရှိပေမဲ့ ပြည်တွင်းနိုင်ငံရေးကို နိုင်ငံတကာကစွက်ဖက်လို့ မရတာကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီ တခဲနက်အနိုင်ရတာလို့ သုံးသပ်ပါတယ်။ 

နိုင်ငံရေးသုံးသပ်သူ ဒေါက်တာနိုင်အောင်က   ပြည်သူတွေက ၂၀၂၀ ရွေးကောက်ပွဲမှာ  ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို လုံးဝလက်မခံတဲ့သဘောထား ပြသတဲ့အချက်ရယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်မှု နဲ့ အပြောင်းအလဲကို ဆောင်ရွက်နိုင်လိမ့်မယ်လို့ ယုံကြည်မှုကြောင့် အပြင် ပြီးခဲ့တဲ့ ၅ နှစ်အတွင်း NLD က တိုးတက်မှုတွေ အများကြီးဖြစ်အောင် မလုပ်နိုင်ခဲ့ပေမဲ့ အမှားကြီးကြီးမားမား မရှိတာကို ပြည်သူက ကျေနပ်တာကြောင့်လို့ သုံးသပ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အခုရွေးကောက်ပွဲပြီးနောက်ပိုင်း မြန်မာ့တပ်မတော်၊ တိုင်းရင်းသားအဖွဲ့တွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ရဲ့ ထုတ်ပြန်ချက်တွေမှာလဲ  ရွေးကောက်ပွဲရလာဒ်ကို အသိအမှတ်ပြုပြီး မြန်မာပြည်ရဲ့ အနာဂတ်အတွက် အပြုသဘောဆောင်တာတွေ တွေ့မြင်ရတဲ့အတွက်  မြန်မာပြည်သူတွေကြား မျှော်လင့်ချက်တွေ တိုးပွားလာနေတာကိုလဲ  မြင်တွေ့နေရပါတယ်။

Crd RFA