အပစ်ခတ်ရပ်စဲထားတဲ့ KNU နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေဖြစ်နေ

30-Dec-2020

ကရင်ပြည်နယ် ဖာပွန်ဒေသမှာ မြန်မာအစိုးရနဲ့ အပစ်ခတ်ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွ့ဲတခုဖြစ်တဲ့ KNU ကရင်အမျိုးသားအစည်းအရုံးနဲ့ တပ်မတော်ကြား တိုက်ပွဲဖြစ်ပွားနေပြီး၊ ပဋိပက္ခတွေ ကျယ်ပြန့်လာမှာကို စိုးရိမ်မှုတွေ ထွက်ပေါ်နေတဲ့အကြောင်း နိုင်ကွန်းအိန် ပြောပြပါမယ်။

မကြာသေးခင်ကစလို့ တပ်မတော်နဲ့ KNU တပ်မဟာ ၅ တပ်ဖွဲ့တို့ကြား စစ်ရေးတင်းမာနေတဲ့ ဖာပွန်ဒေသမှာ တိုက်ပွဲတွေ ထပ်မံဖြစ်ပွားနေတာကြောင့် ပဋိပက္ခတွေ ကြီးထွားလာမှာကို စိုးရိမ်နေကြတာပါ။ BGF နယ်ခြားစောင့် တပ်ဖွဲ့နဲ့ ပူးပေါင်း ထားတဲ့ မြန်မာစစ်တပ်နဲ့ KNUတပ်မဟာ(၅)တပ်ဖွဲ့တို့အကြား ဖာပွန်မြို့နယ် မဲဝိုင်ဒေသမှာ နေ့စဉ်ရက်ဆက်ဆိုသလို တိုက်ပွဲဖြစ်နေတယ်လို့လည်း BGF တပ်မှူးတဦး ကပြောပါတယ်။

“တော်တော်တော့ တော်တော်ပစ်တယ်။ KNU ဘက်တော့။ BGFလဲထပ်ပစ်ဦးမယ်တဲ့။ ဗမာကလဲ တပ်မတော် ဖက်ကတော့ နေ့တိုင်းပစ်တယ်လေ။ ပြောက်ကျားနဲ့ လက်နက်ကြီးနဲ့။ အဲဒီလိုစစ်တပ်ကို ပစ်တာ။”

KNU ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ KNLA ဖာပွန်ခရိုင် တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းကတော့ မြန်မာစစ်တပ်ဖက် က နယ်မြေကျော်လွန်လာရာက ပစ်ခတ်မှုတွေ ဖြစ်ပွားတာလို့ ဆိုပါတယ်။

“ရင်ဆိုင်မှုတွေရှိနေတုန်းဘဲပြောရမှာပေါ့။ ဟိုဖက်ကနယ်မြေကျော်လာရင်တော့ ဒီဖက်ကပစ်ခတ်မှုတော့ ရှိနေ မှာဘဲ။ သတ်မှတ်တဲ့နေရာကျော်လာရင်တော့ KNLA ဗဟိုဌာနချုပ်က ဒီအပေါ်မှာသဘောထားလဲ အကြိမ်ကြိမ် ထုတ်ပြန်ခဲ့ပြီး ဖြစ်တယ်။ အဲဒီအတွက်ကြောင့် ဒီဘက်အောက်ခြေက တပ်တွေကတော့လှုပ်ရှားမှု ဆောင်ရွက်ဖို့ တော့ လုပ်သွားမယ့် သဘောရှိတာပေါ့နော်။”

KNLA တပ်မဟာ ၁ နယ်မြေ မွန်ပြည်နယ် သထုံခရိုင်ဖက်မှာလဲ ဘီလင်းမြို့နယ် ကျသောင်းဆိပ်ရွာ ဘုန်းကြီး ကျောင်းထဲ တပ်စွဲထားတဲ့ မြန်မာစစ်တပ်တွေ ဒီလကုန်အပြီးဆုတ်ပေးဖို့ နယ်မြေခံတပ်က မနေ့ကပဲ သတိပေးထားပါတယ်။

တရက်တည်းမှာပဲ ဘီးလင်းမြို့နယ်အနီး KNLA တပ်မဟာ ၁ တပ်ဖွဲ့နဲ့ မြန်မာစစ်တပ်အကြား တိုက်ခိုက်မှုတွေ ရှိခဲ့ကြောင်း ပဒိုမန်းမန်းက ပြောပါတယ်။

“တပ်မဟာ(၁)ကလဲ မနေ့က ရင်ဆိုင်မှုလေး တိုက်ပွဲလေးအနည်းငယ်ရှိတယ်လို့ ကျွန်တော်တို့ကြားရတယ် ပေါ့။ တရားဝင်ကြေးနန်းတော့မတွေ့ရသေးဘူးပေါ့။ ဘီးလင်းအနီးတဝိုက်မှာလို့ဘဲ မြေပြင်သတင်းအရ သိရ တာပေါ့။”

မွန်ပြည်နယ်ဘီလင်းမြို့နယ် ကျသောင်းဆိပ်ရွာအနီး KNLA တပ်မဟာ ၁အဖွဲ့နဲ့ မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ် ပွါးခဲ့ကြောင်း နယ်ခြားစောင့်တပ်BGFတပ်မှူးတဦးကလည်း အတည်ပြုခဲ့ပါတယ်။

တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်လာတာကြောင့် နောက်ဆက်တွဲ ပဋိပက္ခတွေ ကျယ်ပြန့်လာမှာကိုလည်း ဘီးလင်းမြို့နယ်က ကိုစောတင်ထွန်း တို့လို ဒေသခံတွေ စိုးရိမ်နေပါတယ်။

“အဲတာလဲ KNDO တပ်ရင်း ဗိုလ်မှူးကြီးစောစံသိန်းလား သူကထုတ်ပြန်ထားတယ်လို့ကြားရတယ်ခင်ဗျ။ တိုက်ပွဲ ဖြစ်စဉ်က သတင်းမကြားသေးဘူးခင်ဗျ။ အခုလိုများ ဒီတပ်မဟာ(၁) သထုံခရိုင်မှာသာ တိုက်ပွဲတွေများ မဲဝိုင်မှာလို ဖြစ်သွားခဲ့မယ်ဆိုရင် ကျွန်တော်တို့ပြည်သူလူထုတယောက်အနေနဲ့တော့ အဲဒီဒေသအတွက် ကျွန်တော်တို့အကြောက် တရားတွေ ပြန်လည်ပြီးတော့ ရရှိလာလိမ့်မယ်လို့ခံစားမိတယ်ပေါ့ဗျာ။”

ဖာပွန်နဲ့ဘီးလင်းမြို့နယ်ထဲဖြစ်ပွါးနေတဲ့ စစ်ရေးတင်းမာမှုတွေနဲ့ပက်သက်လို့ တပ်မတော်ပြောရေးဆိုခွင့်အပါဝင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ပြောခွင့်ရကို ဆက်သွယ်ခဲ့ပေမယ့် မရခဲ့ပါဘူး။

ဒီဇင်ဘာ(၁၅)ရက်နေ့မှာ KNLA တပ်မဟာ(၅)အဖွဲ့ကနေ မိုင်းဆွဲ တိုက်ခိုက်လို့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး တပ်မတော်သားတချို့ ထိခိုက်မှုတွေရှိခဲ့ကြောင်းနဲ့ ဒီလထဲမှာပဲ မဲဝိုင်ရွာအနီး သတ်မှတ်နယ်မြေ ကျော်လွန်ပြီးမိုင်းဆွဲ တိုက်ခိုက်မှု ၅ ကြိမ်နဲ့ ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်မှု ၄ ကြိမ် ရှိခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီလိုဖြစ်ပွားတဲ့စစ်ရေးပဋိပက္ခအတွင်းမဲဝိုင်ဒေသကရွာသား(၃၀၀)ကျော် ဘေးလွတ်ရာကိုတိမ်းရှောင်နေကြရ ပါ တယ်။

KNLA ကတော့ တပ်မတော်အနေနဲ့ အရင်တပ်စခန်း ချထားတဲ့ တပ်စခန်းတွေနဲ့ ထပ်မံတိုးချဲ့တပ်စခန်းတွေကို ဒီနှစ်ကုန် နောက်ဆုံးထား ရုပ်သိမ်းပေးဖို့ တောင်းဆိုထားပြီး၊ ပျက်ကွက်ခဲ့မယ်ဆိုရင် အမျိုးသားရေးနဲ့ နယ်မြေ လုံခြုံရေး အတွက် လိုအပ်သလို ဆောင်ရွက်မှာဖြစ်ကြောင်း ဒီလဆန်းမှာပဲ သတင်းထုတ်ပြန်ထားပါတယ်။

KNU-ကရင်အမျိုးသားအစည်းအရုံးဟာ မြန်မာအစိုးရနဲ့ NCAအပစ်ရပ်လက်မှတ်ရေးထိုးထားပေမဲ့ ဒေသအတွင်း လမ်းဖောက်လုပ်နေတဲ့မြန်မာစစ်တပ်နဲ့ KNU ဖါပွန်ခရိုင် တပ်မဟာ(၅) တပ်ဖွဲ့တို့ကြား စစ်ရေးတင်းမာနေဆဲ ဖြစ်သလို သထုံခရိုင်ဘက် စစ်ရေးကူးစက်လာမှာကိုလဲဒေသခံတွေစိုးရိမ်နေကြ ပါတယ်။

VOA News