အလုပ်အကိုင်အခွင့်အလမ်း ၃၃၀၀ ဖန်တီးပေးနိုင်မည့် လုပ်ငန်းများကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြု

26-Nov-2020

နေပြည်တော် နိုဝင်ဘာ ၂၅

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၅/၂၀၂၀)ကြိမ် မြောက် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဆောင်ရွက်ဆဲလုပ်ငန်း ငါးခုမှ မတည်ငွေရင်းတိုးမြှင့်ခြင်းအပါအဝင် မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ လယ်ယာကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ နှင့် အခြားဝန်ဆောင်မှုကဏ္ဍတို့မှ လုပ်ငန်းသစ်ခြောက်ခုကို ခွင့်ပြုခဲ့သည်။ အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၇၃ ဒသမ ၈၂၀ နှင့် ငွေကျပ် သန်း ၆၇၃ ဒသမ၂၀၀ ရှိပြီး ပြည်တွင်းလုပ်သား များအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၃၃၀၀ နေရာကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။

၂၀၂၀ ပြည့်နှစ် အောက်တိုဘာလကုန်အထိ ရင်းနှီး မြှုပ်နှံမှုအများဆုံးပြုလုပ်သော နိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်သည်။ နိုင်ငံ/ဒေသပေါင်း ၅၁ ခုမှ စီးပွားရေးကဏ္ဍ ၁၂ ခုတွင် အများဆုံးရင်းနှီးမြှုပ်နှံထားရှိမှုမှာ လျှပ်စစ်ကဏ္ဍတွင် စုစု ပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၆ ဒသမ ၁၄ ရာခိုင်နှုန်းဖြင့် လည်း ကောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၆ ဒသမ ၀၅ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၅၆ ရာခိုင်နှုန်းဖြင့် လည်းကောင်း ရင်းနှီးမြှုပ်နှံထား ကြောင်း သိရသည်။

သတင်းစဉ်