အောက်စဖို့ ကာကွယ်ဆေးနဲ့ စပွတ်နစ်ခ် ကာကွယ်ဆေးကို ပေါင်းပြီး စမ်းသပ်မယ်

12-Dec-2020

ကိုဗစ် ၁၉ ရောဂါကို ကာကွယ်ဖို့ ပိုပြီးအားကောင်းတဲ့ ကာကွယ်ဆေးဖြစ်လာနိုင်မလားဆိုတာကို သိရဖို့အတွက် ဗြိတိန်နဲ့ ရုရှားက ကျန်းမာရေးပညာရှင်တွေဟာ အောက်စဖို့ အက်စတြာဇန်နကာ(Oxford-AstraZeneca) ကာကွယ်ဆေးနဲ့ စပွတ်နစ်ခ် (Sputnik) ကာကွယ်ဆေးတို့ကို ပေါင်းပြီး စမ်းသပ်ကြည့်ဖို့ရာအတွက် အဖွဲ့တစ်ခုကို ဖွဲ့လိုက်ပါတယ်။

ထုတ်လုပ်တဲ့နည်းပညာဆင်တူတဲ့ ကာကွယ်ဆေးနှစ်မျိုးကို ပေါင်းပြီး ပေးခြင်းအားဖြင့် လူတွေမှာ ကိုယ်ခံအားကို ပိုပြီး တက်လာစေနိုင်ပါတယ်။

စမ်းသပ်မှုကို ရုရှားနိုင်ငံမှာ လုပ်မှာဖြစ်ပြီး အသက် ၁၈ နှစ်အထက် ဗော်လံတီယာ လုပ်မယ့်သူတွေကို စမ်းသပ်ထိုးကြည့်ကြမှာပါ။ လူဘယ်နှယောက် ပါဝင်စမ်းသပ်ကြမလဲဆိုတာတော့ မသိရသေးပါဘူး။

အောက်စဖို့က သူတို့ကာကွယ်ဆေးနဲ့ပတ်သက်ပြီး မကြာခင်က ထုတ်ပြန်တဲ့ ရလဒ်တွေအရ သူတို့ ကာကွယ်ဆေးဟာ ဘေးကင်းစိတ်ချရပြီး လူတွေနဲ့ စမ်းသပ်ကြည့်ရာမှာ အစွမ်းထက်တယ်ဆိုတာ တွေ့ရတယ် လို့ သိရပါတယ်။

အဲဒီက သုတေသီတွေဟာ ဗြိတိန်က ဆေးဝါးဆိုင်ရာ ထိန်းချုပ်ရေးဌာနက အတည်ပြုချက်ကို စောင့်ဆိုင်းနေရင်း အသက်ကြီးတဲ့သူတွေကို ဒီကာကွယ် ဆေးထိုးပေးရင် အစွမ်းထက်မှု ဘယ်လောက်ရှိသလဲ ဆိုတဲ့ ရလဒ်တွေကို စုဆောင်းနေကြပါတယ်။

ကာကွယ်ဆေး နှစ်မျိုးစလုံးက အန္တရာယ်မရှိတော့တဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးဗီဇ ကုဒ် အစိတ်အပိုင်းကို ကာကွယ်ဆေးထဲမှာ ထည့်ထားပြီး လူ့ခန္ဓာထဲကို ထည့်သွင်းပေးလိုက်တာပါ။

ကာကွယ်ဆေး နှစ်မျိုးထိုးတာက တစ်မျိုးပဲထိုးတာထက်ပိုကောင်းလား

ကာကွယ်ဆေးနှစ်မျိုးကို ပေါင်းပေးတာက ဗိုင်းရပ်စ်ကို ကာကွယ်တဲ့ ကိုယ်ခံအားကို ပိုပြီးအားကောင်းအောင် ၊ သို့မဟုတ် ပိုကြာရှည်ခံအောင် လုပ်ပေးနိုင်မယ်လို့ မျှော်လင့်ကြတာပါ။

အောက်စဖို့နဲ့ စပွတ်နစ်ခ် ကာကွယ်ဆေးတွေပေါင်းပေးရင် အကျိုးကျေးဇူးပိုများလာစေမယ့် အကြောင်းတွေကလည်းရှိပါတယ်။

ဒီကာကွယ်ဆေး နှစ်မျိုးစလုံးက အန္တရာယ်မရှိတော့တဲ့ ဗိုင်းရပ်စ်အပိုင်းအစ (ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးဗီဇ ကုဒ် အစိတ်အပိုင်း)ကို ကာကွယ်ဆေးထဲမှာ ထည့်ထားပြီး လူ့ခန္ဓာထဲကို ထည့်သွင်းပေးလိုက်တာပါ။

ပထမ (အမျိုးတူ) ကာကွယ်ဆေးတစ်လုံး ထိုးပြီးတဲ့နောက် လူ့ခန္ဓာကိုယ်က အဲဒီ ဗိုင်းရပ်စ်အပိုင်းအစကို ခံနိုင်ရည်ရှိ ယဉ်ပါးသွားတဲ့အတွက် နောက်တစ်လုံး (အားမြှင့်ပေးဖို့အတွက်ထိုးတဲ့) ထိုးပေးရာမှ ရတဲ့ အစွမ်းထက်မှုက ရလဒ်နည်းတာကို ကြုံရတတ်ပါတယ်။

ဒါကြောင့်မို့ အောက်စဖို့က သူတို့ကာကွယ်ဆေးကို ထိုးရာမှာ ၂ လုံးစလုံးကို ပုံမှန်အတိုင်း အပြည့်ထိုးမယ့်အစား ပထမ ၁ လုံးနေရာမှာ တစ်ဝက်သာထိုးပြီး ဒုတိယ အလုံးကျမှ အပြည့်ထိုးတာမျိုးကို စမ်းကြည့်ခဲ့ရာမှာ ရလဒ်ပိုတက်လာတာကို တွေ့ကြရပါတယ်။

ပထမ ၁ လုံးကို ကာကွယ်ဆေး အမျိုးအစားတစ်ခုကို သုံးပြီး ဒုတိယ အလုံးကို တခြားအမျိုးအစားကို သုံးရင် အဲဒီအတွဲအစပ်ကာကွယ်ဆေးက ပိုပြီး ရလဒ်ကောင်းနိုင်မယ်လို့ မျှော်လင့်ကြတာပါ။ ဗြိတိန်နိုင်ငံ အောက်စဖို့တက္ကသိုလ်က AstraZeneca ကုမ္ပဏီနဲ့ တွဲဖက်ပြီးလုပ်နေတဲ့ ကာကွယ်ဆေး နဲ့ မော်စကိုမှာရှိတဲ့ Gamaleya Research Institute ကလုပ်ဆောင်နေတဲ့ ရုရှားတို့ရဲ့ စပွတ်နစ်ခ် ကာကွယ်ဆေးတို့ဟာ Sars-CoV-2 ဗိုင်းရပ်စ်ရဲ့ ပရိုတင်း အစွန်းချွန်ကနေ မျိုးဗီဇကုဒ်ကို ယူပြီး လုပ်ထားကြရာမှာ အတူတူပါ။

ဗြိတိန်၊ ကနေဒါ၊ ဘာရိန်း၊ ဆော်ဒီအာရေးဗီးယားမှာ အတည်ပြုထားသလို အမေရိကန်က ကျန်းမာရေး ပညာရှင်တွေ ထောက်ခံထားတဲ့ ဖိုင်ဇာ ဘိုင်ရွန်တက်ခ် (Pfizer-BioNTech) ကာကွယ်ဆေးဖော်ထုတ်ပုံနဲ့ သူတို့ပြုလုပ်ပုံတွေ မတူပါဘူး။

စပွတ်နစ်ခ် ကာကွယ်ဆေး နောက်ဆုံးအဆင့် စမ်းသပ်မှုရဲ့ အစပျိုးရလဒ်တွေကလည်း ကောင်းမွန်တာကို တွေ့ရပါတယ်။

ရုရှားဟာ ကိုဗစ်ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုဖို့အတွက် သြဂုတ်လအတွင်း အတည်ပြုခဲ့ပြီး ဒါဟာ ကမ္ဘာမှာ ပထမဆုံး အတည်ပြုတာဖြစ်ပါတယ်၊ လူနည်းနည်းကို ဒီဆေး ထိုးပေးပြီးပါပြီ။ လူထုကို ထိုးပေးဖို့အတွက် အခု ရုရှားမှာ စတင်လုပ်ဆောင်နေပါပြီ။

AstraZeneca ကုမ္ပဏီက သူတို့ "ကမ္ဘာတစ်ဝန်းက အလုပ် တွဲဖက်လုပ်မယ့်သူတွေ၊ အစိုးရတွေ၊ သုတေသန အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်နေပြီး ရုရှားက Gamaleya Research Institute နဲ့ ဒီကာကွယ်ဆေးနှစ်မျိုး ပေါင်းထုတ်ရင် ပိုပြီးအာနိသင်ရှိလာမလားဆိုတာကို စူးစမ်း လေ့လာနေပါတယ်"လို့ ပြောပါတယ်။

BBC News