ဥယျာဉ်ပုတ် ပိဋကတ်တိုက်

Listing Description

မြောက်ဦးမြို့၊ ဒိုင်းကျီရွာ၏ အနောက်ဘက် တစ်မိုင်ခန့်အကွာ၊ ဥယျာဉ်ပုတ်ရွာအရှေ့ဘက်တွင် တည်ရှိသည်။ ဤပိဋကတ်တိုက်သည် မြောက်ဦးဒေသတွင် တွေ့ရှိရသမျှသော ပိဋကတ်တိုက်များအနက် အငယ်ဆုံးဟု ယူဆရပါသည်။ မုခ်အမြင့် ၅ ပေ၊ အတွင်းဘက် အကျယ် ၃ ပေ၊ မုခ်ပေါက်အကျယ် ၁ ပေ ၄-လက်မနှင့် မုခ်ထွက် ၂ ပေ ၆-လက်မရှိသည်။ ပိဋကတ်တိုက်၏ အပြင်ဘက် အရှေ့အနောက် ၁၀ ပေရှိပြီး တောင်မြောက် ၈ ပေ ၆ လက်မရှိသည်။ ထောင့်တစ်ခုစီတွင် ခိုနန်းချိုးတစ်ဆစ် ချိုးထားပြီး ၁ ပေစီရှိသည်။ ပိဋကတ်တိုက်၏အပေါ်ပိုင်းမှာ ပျက်စီးယိုယွင်းနေပြီး အတွင်းပိုင်းကို အုတ်ဖြင့် ဖြည့်တင်းထားသည်။ အပြင်ဘက်နံရံများကို ကျောက်ဆစ်မှန်ကူကွက်များ ပန်းပွင့်ပန်းနွယ်များဖြင့် မွမ်းမံတန်ဆာဆင်ထားပါသည်။