ရွှေစည်းခုံစေတီတော်

Listing Description

ရွှေစည်းခုံစေတီတော်သည် မန္တလေးတိုင်းဒေသကြီး၊ ပုဂံမြို့ဟောင်း၏ အရှေ့မြောက်ဘက် လေးမိုင်ခန့် ဝေးသော ညောင်ဦးမြို့တွင် တည်ရှိသည်။ ညောင်ဦးမြို့ဈေး၏ အနောက်ဘက် မိုင်ဝက်ခန့်အကွာ သဲစည်းခုံပေါ်တွင် တည်ထားသဖြင့် ရွှေစည်းခုံဘုရားဟု တွင်ခဲ့သည်။ ရွှေစည်းခုံစေတီတော်သည် ညောင်ဦးမြို့မှ အနောက်တောင် ယွန်းယွန်း ဧရာဝတီမြစ်ကမ်းနဖူးရှိ ပေ ၇၅၀ ကျော်ခန့် ရှည်လျားကျယ်ဝန်းသော မဟာရံတံတိုင်းကြီးနှင့် ဉာဏ်တော်ပေ ၁၆၀၊ ဖိနပ်တော်အကျယ်ပေ ၁၆၀ ပမာဏရှိကာ ရွှေရောင်ဝင်းလျက် တင့်တယ်ကြည်ညိုဖွယ် တည်ရှိပါသည်။ သက္ကရာဇ် ၄၂၁-ခု၊ တပို့တွဲလဆန်း ၁၀ ရက်၊ ကြာသပတေးနေ့တွင် အနော်ရထာမင်းကြီး စတင်တည်ထားကိုးကွယ်ခဲ့ရာ ဘုရားတည်နေစဉ်အတွင်း ပစ္စယာ သုံးဆင့်အရောက် သက္ကရာဇ် ၄၄၆ ခုနှစ်တွင် အနော်ရထာမင်းနတ်ရွာစံသဖြင့် မပြီးပြတ်ဘဲတည်ရှိသည်ကို ကျန်စစ်သားမင်းက သက္ကရာဇ် ၄၅၁-ခု၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့တွင် ဆက်လက်တည်ဆောက်ခဲ့ရာ သက္ကရာဇ် ၄၅၂-ခု၊ ကဆုန်လပြည့်နေ့တွင် ပြီးမြောက်အောင်မြင်ခဲ့သည်။ စေတီတော်ကြီး တည်ဆောက်ခဲ့သည့်နှစ်မှ ပြီးစီးသည့်နှစ်အထိ နှစ်ပေါင်း ၃၁ နှစ်ကြာပါသည်။ စေတီ၏လေးဘက်လေးတန်၌ အုတ်ဂန္ဓကုဋီလေးဆောင်ရှိသည်။ ယင်းဂန္ဓကုဋီတိုက်များ အတွင်း၌ သတ္တဝါများ မကြောက်ကြကုန်လင့်ဟူသော လက်အနေအထားဖြင့် အလွန်လက်ရာမြောက်သော မတ်ရပ်ကြေးဆင်းတု တစ်ဆူစီ ရှိသည်။ ဉာဏ်တော် ၁၂ ပေမြင့်သည့် ပုဂံခေတ်လက်ရာဖြစ်သည်။ မူလက ဂန္ဓကုဋီတိုက်တံခါး များရှိသော်လည်း ယခုအခါ ၁ ခုသာ ကျန်တော့သည်။ ရင်ပြင်တော် အနောက်ဘက် ပိုင်းတွင် နတ်ရုပ်တု၊ ဘိုးတော်ရုပ်တု၊ သိကြားရုပ်တုစသည်များလည်းရှိသည်။ စေတီပရဝုဏ်အတွင်း အရှေ့တောင်ထောင့်၌ မိရိုးဖလာ သုံးဆယ့်ခုနှစ်မင်း နတ်ရုပ်များ ရှိသည်။ ရင်ပြင်တော် အရှေ့မြောက်ထောင့်တွင် ကျောက်စာရုံရှိသည်။ ကျောက်စာရုံ ထဲတွင် ခေတ်အဆက်ဆက် ရေးထိုးထားခဲ့သည့် ကျောက်စာများထဲမှ ကျောက်စာ ၆ ချပ်ကို သိမ်းဆည်းထားသည်။ ရွှေစည်းခုံစေတီအောက်ခြေတွင် ပစ္စယံသုံးဆင့်ရှိပြီး ပစ္စယံသုံးဆင့်အထက်တွင် ရှစ်ထောင့်ကြာဝန်း ကျည်းဝန်း၊ ခေါင်းလောင်းပုံ၊ ရင်စည်း၊ သပိတ်မှောက်၊ ဖောင်းရစ် အဆင့်ဆင့်၊ ကြာမှောက်၊ ရွဲ၊ ကြာလန်၊ ပဉ္စလောဟာချရားသီး၊ ထီးအဆင့်ဆင့်ဖြင့် တည်ဆောက် ထားသည်။ စေတီတော်၏ ပစ္စယံအဆင့်ဆင့်တွင် စဉ့်စိမ်းသုတ် အုတ်ချပ်များဖြင့် ပြုလုပ်ထားသော ၅၅၀ ဇာတ်များကို ဇာတ်အမည်၊ နံပါတ်များနှင့်တကွ တွေ့ရသည်။ စေတီ၏ မျက်နှာလေးဖက်တွင် ကြေးဂူတိုက် လေးတိုက်ရှိပြီး ထိုတိုက်များထဲတွင် ၃.၉၀ မီတာ ၁.၂၈ ပေခန့် အမြင့်ရှိ ရပ်တော်မူဗုဒ္ဓရုပ်ပွားတော် ကြေးဆင်းတု (အဘယမုဒြာနှင့် ဝရဒမုဒြာ) များရှိသည်။ ပုဂံခေတ် ကြေးသွန်း ကြေးခတ်နည်း (ပန်းတဉ်းပညာ)ကို လေ့လာနိုင်သည်။ ရွှေစည်းခုံစေတီတော်၏ အရှေ့ဘက်မုခ်တွင် ရှေးမွန်ဘာသာဖြင့် ရေးထိုးထားသည့် ကျန်စစ်သားမင်း အေဒီ (၁၀၈၄-၁၁၁၃) ၏ နန်းတက်အမိန့်တော် ပြန်တမ်းကျောက်စာတိုင် နှစ်တိုင်ရှိသည်။ ထိုကျောက်စာတွင် ကျန်စစ်သားမင်းသည် ဘုရားရှင်လက်ထက်၌ ဗိဿနိုးဖြစ်ခဲ့ပြီး နောင်အခါ အရိမဒ္ဒပူရပြည်တွင် တရားစောင့်သော မင်းဖြစ်လာမည်ဟုဘုရားရှင်က ဗျာဒိတ်ပေးခဲ့ကြောင်း၊ တိုင်းသူပြည်သားတို့ကို ကြင်နာစွာ အုပ်ချုပ်မည့်အကြောင်း ရေးထိုးထားသည်။ ဟံသာဝတီ ဘုရင့်နောင်ကျော်ထင်နော်ရထာ (အေဒီ ၁၅၅၀-၁၅၈၁) သည် ရွှေစည်းခုံစေတီကို ရွှေသင်္ကန်းကပ်လှူခဲ့ပြီး ထိုအကြောင်းကို ၂၃-၅-၁၅၅၇ ကလှူခဲ့သည့် (၂၁၀၀)ပိဿာ၊ (၃.၁၈)တန်ရှိ ကုသိုလ်တော် ခေါင်းလောင်းစာတွင် ဖော်ပြခဲ့သည်။ ကုန်းဘောင်ခေတ် ဆင်ဖြူရှင်မင်း (အေဒီ ၁၇၆၃-၁၇၇၆) သည် ၃၀-၅-၁၇၆၈ တွင် ရွှေစည်းခုံစေတီကို ထီးတော်တင်ပြီး ၎င်း၏အလှူဒါနကို ရေးထိုးထားသည့် မော်ကွန်း ကျောက်စာရှိသည်။ ရွှေစည်းခုံ စေတီရင်ပြင်ရှိ အုတ်ဇရပ်အတွင်းရှိ ပုဂံခေတ်က ထုလုပ်ခဲ့သည့် ဗုဒ္ဓခြေတော်ရာ၊ သစ်သားပန်းပု သိကြားရုပ်နှင့် သစ်သားပန်းပု တံခါးရွက်တို့ကို လေ့လာနိုင်သည်။ ရွှေစည်းခုံစေတီ ပန္နက်ရိုက်ရာ၌ အခြေပြုသည့် ပန္နက်သဲဂူ၊ အုတ်ဇလားဂူ တို့လည်းရှိသည်။